CNI International News
နယူးယောက်၊ နိုဝင်ဘာ ၁၉
ဂါဇာကမ်းမြောင်ဒေသကို ဘေးကင်းလုံခြုံစေရန်နှင့် အုပ်ချုပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစီအစဉ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၃ မဲရရှိပြီး ကန့်ကွက် မဲမရှိဘဲ အတည်ပြုခဲ့သည်ဟု DW သတင်းတွင် ဖော်ပြခဲ့သည်။
တရုတ်နှင့် ရုရှားကမူ ထိုအစီအစဉ် မဲခွဲဆုံးဖြတ်မှုကို မဲမပေးဘဲ လက်ရှောင်ခဲ့ကြသည်။
ဟားမာ့စ်အဖွဲ့ကမူ ထရမ့်၏ ဂါဇာအစီအစဉ်အား အတည်ပြုမှုကို သဘောမတူကြောင်း ပြောကြားခဲ့ပြီး ထိုအစီအစဉ်သည် ပါလက်စတိုင်းများ၏ နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တောင်းဆိုမှုများ၊ အခွင့်အရေးများနှင့် ကိုက်ညီမှုမရှိကြောင်း ဝေဖန်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးကမူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ထရမ့်၏ ငြိမ်းချမ်းရေး အစီအစဉ်ကို အတည်ပြုခဲ့သည့်အတွက် ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
"အစ္စရေးနိုင်ငံနဲ့ ဝန်ကြီးချုပ် နေတန်ယာဟုတို့က သမ္မတထရမ့်နဲ့အတူ သူ့ရဲ့ အားကြိုးမာန်တက်ရှိပြီး သစ္စာရှိတဲ့ အဖွဲ့ကို ချီးမွမ်းဂုဏ်ပြုပါတယ်။ သမ္မတထရမ့်ရဲ့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝရေးတို့ကို ဖြစ်စေ ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီအစီအစဉ်ထဲမှာ ဂါဇာဒေသအတွင်း စစ်တပ်မထားဖို့ ၊ လက်နက်တွေ ဖြုတ်သိမ်းဖို့ နဲ့ အစွန်းရောက်မှုကို တိုက်ဖျက်ဖို့ အလေးထား ဖော်ပြထားလို့ ဖြစ်ပါတယ်" ဟု အစ္စရေးဝန်ကြီးချုပ် ရုံးက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ထို့ပြင် အစ္စရေး၏ အိမ်နီးချင်းများ အနေဖြင့်လည်း Abraham Accords အမည်ရှိ သဘောတူညီချက်ကို ပြန်လည် ပါဝင်ကြရန် နေတန်ယာဟု၏ ရုံးက တိုက်တွန်းခဲ့သည်။
Abraham Accords သည် အစ္စရေးနှင့် ဒေသတွင်း အာရပ်နိုင်ငံများကြား ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ထရမ့်၏ ပထမ သက်တမ်းအတွင်းက လုပ်ဆောင်ခဲ့သည့် သဘောတူညီချက်ဖြစ်သည်။

ဂါဇာဒေသကို တွေ့ရစဉ်
"အစ္စရေးက ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝရေးအတွက် မိမိတို့ရဲ့ အိမ်နီးချင်းတွေ အားလုံးကို လက်ကမ်းထား ပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ပြန်လည် ထူထောင်ပြီး ဟားမာ့စ်အဖွဲ့နဲ့ ဟားမာ့စ်အဖွဲ့ ထောက်ခံ သူတွေကို ဒေသတွင်းက မောင်းထုတ်ရာမှာ မိမိတို့နဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်" ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်သည့် ဂျာမနီနိုင်ငံ၏ ဝန်ကြီးချုပ် ယိုဟန် ဝါဒီဖူလ် (Johann Wadephul) ကလည်း ထရမ့်၏ ဂါဇာငြိမ်းချမ်းရေး အစီအစဉ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အတည်ပြု ထုတ်ပြန်ခဲ့ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျာမနီသည် ဂါဇာဒေသ ပြန်လည် ထူထောင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိကြောင်း ယိုဟန်က ပြောကြားခဲ့သည်။
Source: DW
