CNI International News
ဘေဂျင်း၊ သြဂုတ် ၁၂
ဂါဇာကမ်းမြောင်ဒေသ၏ ဂါဇာစီးတီးမြို့အား ထိန်းချုပ်မည့် အစ္စရေး၏ အစီအစဉ်ကို တရုတ်က ရှုတ်ချခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးများကို ချက်ချင်းရပ်တန့်ရန် တရုတ်က သြဂုတ် ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ် အစည်းအဝေး၌ တိုက်တွန်းခဲ့သည်။
အစ္စရေး၏ အမျိုးသားလုံခြုံရေးကော်မတီ (NSAC) သည် ပြီးခဲ့သည့် သီတင်းပတ်က သိန်းနှင့်ချီသည့် ပါလက်စတိုင်းများကို နေစရာမရှိ ဖြစ်စေမည့် ဂါဇာစီးတီးအား ထိန်းချုပ်ရေး အဆိုပြုချက်ကို အတည်ပြုခဲ့သည်။
“စစ်အင်အားနဲ့ ဗိုလ်ကျမှုကို စွန့်လွှတ်ရပါမယ်။ စစ်ရေးနဲ့ အဖြေရှာတာဟာ ဒီပဋိပက္ခက ရုန်းထွက်နိုင်မယ့် လမ်းကြောင်း မဟုတ်ပါဘူး။ ချက်ချင်း အပစ်အခတ်ရပ်စဲတာက လူ့အသက်တွေကို ကယ်တင်ဖို့နဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ဖို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် ဖူကောင် (Fu Cong) က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဂါဇာကို သိမ်းပိုက်မည့် မည်သည့် ကြိုးပမ်းမှုကိုမဆို ပြတ်သားစွာ ဆန့်ကျင်ရမည်ဖြစ်ပြီး ဂါဇာဒေသတွင် ပိုမို ဆိုးရွားလာခဲ့သော အငတ်ဘေးကို ချက်ချင်းဖြေရှင်းရမည်ဖြစ်ကြောင်း ဖူက တိုက်တွန်းခဲ့သည်။
ဂါဇာဒေသကို တွေ့ရစဉ်
“ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းတွေ ပိုင်တာဖြစ်ပြီး ဂါဇာဟာ ပါလက်စတိုင်းရဲ့ ခွဲခြားမရနိုင်တဲ့ နယ်နိမိတ် ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကို နေရာရွှေ့ပြောင်းပြီး ဂါဇာကို ထိန်းချုပ်မယ့် ဘယ်လို လုပ်ရပ်ကို မဆို ပြင်းထန်စွာ ငြင်းပယ်ရပါမယ်” ဟု ၎င်းက ဆိုသည်။
အစ္စရေးနှင့် ပါလက်စတိုင်းအပေါ် သြဇာလွှမ်းမိုးမှုရှိသည့် သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့်လည်း အပစ်အခတ် ရပ်စဲရေး ရရှိစေရန်အတွက် ခိုင်မာသော စီမံချက်များဖြင့် လုပ်ဆောင်ကြရန် ဖူက တိုက်တွန်းခဲ့သည်။
ထို့ပြင် အစ္စရေးအနေဖြင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန်၊ ဂါဇာ၏ နယ်စပ်ဂိတ်များ အားလုံးကို ပြန်လည်ဖွင့်လှစ်ပေးရန်၊ ဂါဇာဒေသအား အကူအညီများ ပေးမှုအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းရန်၊ ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးမှုကို ထောက်ခံရန် ဖူက တိုက်တွန်းခဲ့သည်။
ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းကြား ငြိမ်းချမ်းစွာ နှစ်နိုင်ငံ အတူယှဉ်တွဲ နေထိုင်သည့် ဖြေရှင်းနည်းကို အကောင်အထည်ဖော်ရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို မြှင့်တင်ရန်လည်း ဖူက တိုက်တွန်းခဲ့သည်။
Source: South China Morning Post