CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁

မြန်မာ့တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တွေ့ဆုံမည်ဆိုလျှင် လက်ခံ ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်သည် ဘီဘီစီ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “ KIO ရဲ့ သဘောထားကတော့ Online ဆွေးနွေးမှု မဟုတ်ဘဲ(တကယ် ဆွေးနွေးလိုသော ဆန္ဒရှိတယ်ဆို ရင်) မြစ်ကြီးနားမှာ တွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပါ့မယ်လို့ အကြောင်းပြန်ကြားခဲ့ပါ တယ်။ KIO ကို ပြန်ပြီး အကြောင်းပြန်ကြားမှု မရရှိခဲ့ပါဘူး”ဟု ပြောသည်။

KIA သည် မြန်မာ့တပ်မတော်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့(PCG) မှတဆင့် ဆက်သွယ် လာခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ဘက်က ဗန်းမော်တိုက်ပွဲ ပြင်းထန်နေသည့်အတွက် နောက်မှ ဆွေးနွေးမည်ဖြစ်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း နေပြည်တော်နှင့်နီးစပ်သော သတင်းရင်းမြစ်များက CNI သတင်းဌာနသို့ ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က “ KIO ကနေ စတင် ကမ်းလှမ်းတာ မဟုတ်ပါဘူး။ မနှစ်တုန်းက နေပြည်တော်မှာ ကျင်းပ တဲ့ ငြိမ်းချမ်းရေး စကားဝိုင်းအပြီးမှာ နေပြည်တော်ကနေ PCG (ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့)ကို စကားအမှာ ပါးပါတယ်” ဟု ပြောသည်။

ထို့နောက် လွန်ခဲ့သည့် လပိုင်းက ထပ်မံ၍ PCG ကနေတဆင့် မေးခဲ့သည့်အတွက် KIO ၏ သဘောထားမှာ ယခင် အတိုင်းဖြစ်ကြောင်း အကြောင်းပြန်ကြားထားသည်ဟု ၎င်းက ပြောသည်။

နေပြည်တော်နှင့်နီးစပ်သူတချို့ကတော့ KIA က နေပြည်တော်မှာ ကျင်းပသည့် Peace talk ဆွေးနွေးပွဲမှာ တွေ့ဆုံ ဆွေးနွေးလိုသည်ဟု PCG ကို စေလွှတ်၍ စကားပါးခဲ့ကြောင်း၊ တပ်မတော်ဘက်က ဗန်းမော်တိုက်ပွဲ ဖြစ်နေသည့် အတွက် ဆွေးနွေးလိုပါက Online ကနေ စဆွေးနွေးကြည့်ရန်နှင့် ယုံကြည်မှုရလာမှ ခေါင်းစဉ်ညှိပြီး In Person  ဆွေးနွေးရန် အကြောင်းပြန်ခဲ့ကြောင်း ပြောသည်။ 

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် KIA ကြား ဗန်းမော်မြို့သိမ်း တိုက်ပွဲ ပြင်းထန်နေသည်။

အလားတူ KIA သည် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော တခြားလက်နက်ကိုင် အင်အားစုများအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေသလို ပူးတွဲ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ဘက်မှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။