CNI News
၂၀၂၅ ခုနှစ်၊ မေလ ၆
ငလျင်ဒဏ် ထိခိုက်ခံစားနေရခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မေလ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့် ဒေသများ ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည် ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှ ၃၀ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာ ခဲ့သည်။
လက်ရှိ ကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရ ရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း များနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ တကာမှလည်း ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီ အပစ်ခတ်ရပ်စဲကြောင်း ထပ်မံတိုးမြှင့် ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်ရဲ့ အပစ်ရပ်ကြေညာမှုထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင် အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်း ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေး ကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုအား ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာ့တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၂)ကြိမ် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် နစက-က နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။
မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA)တို့ကလည်း ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ယာယီအပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့သလို မေလကုန်အထိ ယာယီအပစ်ခတ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ထားသည်။