CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ကချင်ဝမ်ပေါင်သမ္မတနိုင်ငံဖြစ်ရေး ရည်မှန်းချက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ လိုချင်သည့် အပေးအယူက ဘာတွေဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
၁၉၉၄ ခုနှစ်က KIA သည် နဝတနှင့် ငြိမ်းချမ်းရေးယူ၍ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုစဉ်က ဖားကန့်ကို တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။
ထို့ကြောင့် ယခု ၂၀၂၅ ခုနှစ်အလွန် ၂၀၂၆ ခုနှစ် လက်ရှိ နယ်မြေ အခင်းအကျင်းများအရ KIA သည် မြေရှားနှင့် ကျောက်စိမ်းကိစ္စတို့ကို အပေးအယူ လုပ်လာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။၊
၎င်းက “KIA လိုချင်တာကတော့ အခုလောလောဆယ် အခြေအနေကတော့ rare earth ရှိမယ်၊ မြေရှား တွေ ရှိလိမ့်မယ်။ နောက်ပြီးတော့ ကချင်ပြည်နယ်ကိုတော့ သူလွတ်မြောက်နယ်မြေ အဖြစ်တော့ ကချင် ဝမ်ပေါင်သမ္မတနိုင်ငံ အထိတော့ သူတောင်းလိမ့်မယ်လို့တော့ ကျနော်မထင်ဘူး။ သူ့ရဲ့ ရည်မှန်းချက် ကတော့ ကချင်ဝမ်ပေါင်သမ္မတနိုင်ငံလေ။ ယနေ့အချိန်ကတော့ သူက ဖားကန့် ကျောက်စိမ်းတွေရှိမယ်၊ နောက် မြေရှားရှိမယ်။ အဲဒါတွေကို သူအပေးအယူ လုပ်ကောင်း လုပ်လိမ့်မယ်။ ၉၄ ငြိမ်းချမ်းရေး ယူစဉ် အခါတုန်းက သူကအစိုးရကို တောင်းဆိုတာကတော့ ဖားကန့်ကို သူတို့ကို ပေးပါလို့ တောင်းတယ်။ ဒါပေမယ့် အစိုးရကတော့ မပေးခဲ့ဘူး။ မပေးခဲ့တဲ့ အခါကြတော့ နောက် အပေးအယူတစ်ခု ABSDF နဲ့ လုပ်သွားတဲ့ သဘောလေး ရှိကောင်းရှိမှာပေါ့။ အဲဒါကြောင့်မို့လို့ သူတို့ ငြိမ်းချမ်းရေး ယူပြီးနောက်ပိုင်းမှာ ABSDF တွေကို မောင်းထုတ်တာတွေ ရှိခဲ့တာပေါ့။ အခုကတော့ သူ့ရဲ့ အပေးအယူ လုပ်နိုင်တဲ့ ကိစ္စက တော့ rare earth နဲ့ ကျောက်စိမ်းကိစ္စပဲလို့ မြင်ပါတယ်” ဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဟောင်း မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
မြေရှားလုပ်ကွက်ပေါင်း ၃၀၀ နီးပါးရှိနေသည့် ပန်ဝါဒေသ အပါအဝင် ကချင်ပြည်နယ်ထဲမှ မြေရှားသတ္တု ထွက်ရှိရာ ဒေသများကို KIA မှ သိမ်းပိုက်ထားနိုင်ခြင်းဖြစ်ကာ ဒေါ်လာဘီလျံချီ တန်ကြေးရှိကြောင်း သိရ သည်။
မြန်မာနိုင်ငံက မြေရှား၏ အဓိက ဖောက်သည်မှာ တရုတ်နိုင်ငံဖြစ်ပြီး အိန္ဒိယသည်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မြန်မာ့မြေရှားနှင့် ပတ်သက်၍ ခြေလှမ်းများ စတင်လှမ်းလာသလို အမေရိကန်ကလည်း မြန်မာ့မြေရှားကို စိတ်ဝင်စားသယောင် ရှိနေသည်ဟု စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များက ယူဆကြ သည်။
KIA သည် ထိုကိစ္စများထက် ပို၍ တောင်းဆိုမည့် အနေအထားမျိုး မမြင်ရသော်လည်း အပေးအယူ တစ်ခု တွင် ခေါ်ဈေးနှင့် ပေးဈေး ကွာဟချက်များနေပါက တစ်နည်းနည်းဖြင့် စကားပြောဆိုကြရမည် ဖြစ် ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “အခု သူတောင်းဆိုနေတဲ့ဟာတွေကို ထပ်ပြီးတော့မှ တောင်းဆိုဦးမှာပဲ။ သေချာပါတယ်။ အဲဒီ တော့ ဒီထက်ပိုပြီးတော့မှ တောင်းဆိုမယ်လို့ ကျနော်တို့လည်း အရိပ်အမြွက်ပေးတာ မမြင်ရ သေးဘူး ပေါ့။ ဒီဥစ္စာက ကျနော်တို့ ဆွေးနွေးတဲ့ နေရာမှာဆိုရင် ခေါ်တဲ့ဈေးဆိုတာ ရှိလိမ့်မယ်။ ဒီပစ္စည်းကို ၁ သန်း နဲ့ ကျနော် ဝယ်ချင်တယ်။ ဟိုက ၅ သန်းမှ ရောင်းနိုင်မယ်ဆိုရင် ဒီ ၅ သန်းနဲ့ ၁ သန်းက ဘယ်နည်းနဲ့မဆို ပြောကြရမှာပေါ့။ ခေါ်ဈေးထက် ပေးဈေးက သူတို့မညှိဘဲနဲ့ ဘယ်လိုလုပ်ရမလဲ။ တစ်ခါတစ်လေ ကိုယ်က ခေါ်ဈေးက ၁ သန်းလို့ ပြောပေမယ့် နောက်ဆုံးကျ ၅ သောင်းလား ၅ သိန်းလား ဖြစ်ကောင်းဖြစ်သွား နိုင် တာပေါ့” ဟု ပြောသည်။

KIA မှ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်
လက်ရှိတွင် KIA သည် အာရက္ခတပ်တော်(AA)၊ ချင်းအမျိုးသားတပ်ဦးCNF)၊ နာဂလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ NUG၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF များကို လက်နက် ခဲယမ်းများ ထောက်ပံ့ပေး၍ စစ်ကိုင်းတိုင်းဒေသကြီးကို ထိန်းချုပ်ရန် ကသုံးလုံး စစ်ဆင်ရေးနှင့် တခြား သော စစ်ဆင်ရေးများကို ဖော်ဆောင်လျက်ရှိသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်အေးမြို့၊ ပင်လည်ဘူးမြို့၊ အင်းတော်မြို့တို့ကို KIA-PDF များ ထိန်းချုပ်ထားပြီး ဟုမ္မလင်း၊ ကောလင်း၊ ကသာ၊ ဝန်သို၊ တမူး၊ နာဂဒေသ၊ ပုလဲ၊ မုံရွာ၊ ဖောင်း ပြင်၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ထီးချိုင့်၊ ဗန်းမောက် စသည့် မြို့များကို သိမ်းပိုက် ထိန်းချုပ်နိုင်ရေး တိုက်ခိုက်လျက်ရှိနေသည်။
KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး ကာလအတွင်း ယခင်ထက် ပိုမိုအားကောင်းလာကာ တော်လှန်ရေး အင်အားစု အများအပြားကိုလည်း လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများ၊ နေထိုင် နိုင်ရေး တို့ကို ထောက်ပံ့ ကူညီပေးနေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင် ရေးများတွင်လည်း ပူးပေါင်း တိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIA ထိပ်သီးခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၏ ပြောကြားချက်များကို ကြည့်ခြင်းအားဖြင့် စစ်ရေးနှင့် ဆွေးနွေးညှိနှိုင်းရေး ကိစ္စများမှာ လှုူပ်ခတ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များ သုံးသပ်ကြ သည်။
