CNI International News
ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၁၈
ဩစတြေးလျအစိုးရသည် ဆီးရီးယားနိုင်ငံရှိ အကျဉ်းစခန်းတစ်ခုတွင် နှစ်ပေါင်းများစွာကြာ ထိန်းသိမ်းခံခဲ့ရသည့် သြစတြေးလျနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်မည် မဟုတ်ကြောင်း သြစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) က ပြောကြားခဲ့ကြောင်း DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့ သည်။
ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ ရော့ဂျ် (Roj) ထိန်းသိမ်းရေးစခန်းတွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု သံသယရှိရသော စစ်သွေးကြွများ၏ မိသားစုဝင်များကို ထိန်းသိမ်းထားခြင်းဖြစ်သည်။
“ကျနော်တို့ အနေနဲ့ သူတို့ကို ကူညီမှာ ဒါမှမဟုတ် နိုင်ငံသားအဖြစ် ပြန်လည်ခေါ်ယူမှာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်း လင်း ပြောရရင် ကျနော်တို့ရဲ့ လူနေမှုဘဝပုံစံကို ဖျက်ဆီးပြီး အိုင်အက်စ်နိုင်ငံတော် တည်ထောင်ဖို့ ကြိုးပမ်းမှု ပါဝင်ဖို့အတွက် ပြည်ပကို ထွက်ခွာသွားခဲ့တဲ့ သူတွေအပေါ် ကျနော်တို့ဘက်က စာနာမပေးနိုင်ပါဘူး”ဟု အယ်လ်ဘာနိစ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် နိုင်ငံပိုင် ABC ရုပ်သံသို့ ပြောကြားခဲ့သည်။
“ဒီကိစ္စမှာ ကလေးတွေပါ ထိခိုက်နစ်နာ နေရတာဟာ ဝမ်းနည်းစရာ ကောင်းပေမဲ့ ကျနော်တို့ဘက်က ဘယ်လို ထောက်ပံ့မှုမျိုးမှ ပေးသွားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၆ ရက်တွင် ရော့ဂျ်အကျဉ်းစခန်းမှ လွတ်မြောက်လာသည့် သြစတြေးလျ အမျိုးသမီးများနှင့် ကလေး ငယ်များမှာ ထိုအကျဉ်းစခန်းသို့ပင် ပြန်လည် သွားရောက်ခဲ့ရပြီးနောက် တစ်ရက်အကြာတွင် အယ်လ်ဘန်းနိစ်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

ကလေးငယ်များကို တွေ့ရစဉ်
မိသားစု ၁၁ စုမှ အမျိုးသမီးများနှင့် ကလေးငယ် စုစုပေါင်း ၃၄ ဦးတို့သည် ထိုအကျဉ်းစခန်းမှ ဆီးရီးယား၏ ဒမတ်စကပ် (Damascus) မြို့တော်သို့ ဦးတည်ထွက်ခွာလာကြခြင်း ဖြစ်သည်။
၎င်းတို့သည် ဒမတ်စကပ်မှတစ်ဆင့် သြစတြေးလျသို့ ပြန်နိုင်ရန် စီစဉ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဆီးရီးယားအစိုးရ အာဏာပိုင်များက ၎င်းတို့အား ဆက်လက် ထွက်ခွာခွင့် မပြုခဲ့ခြင်းကြောင့် ထိုမိသားစုများသည် အကျဉ်းစခန်းသို့သာ ပြန်လှည့်ခဲ့ရကြောင်း သြစတြေးလျမီဒီယာများက ဖော်ပြခဲ့သည်။
ထိုမိသားစုများ လိုက်ပါသည့် ယာဉ်တန်းကို ကာ့ဒ်လုံခြုံရေးတပ်ဖွဲ့များက လိုက်ပါစောင့်ရှောက်ပေးခဲ့ကြောင်း ABC သတင်းဌာနက ဖော်ပြသည်။
ကာ့ဒ်တပ်ဖွဲ့ဝင်များသည် ဆီးရီးယား စစ်တပ်အတွင်းသို့ ပူးပေါင်းဝင်ရောက်ရန် သဘောတူညီချက် ရရှိခဲ့သော် လည်း၊ ၎င်းတို့ ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ရော့ဂျ်အကျဉ်းစခန်းကို ယခု အချိန်အထိ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။
ယခုစီစဉ်ထားသည့် နေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ ရော့ဂျ်စခန်းတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများနှင့် ကလေးငယ်များ၏ မိသားစုဝင်များကသာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး သြစတြေးလျ အာဏာပိုင်များက လုပ်ဆောင်ပေးနေခြင်း မဟုတ်ကြောင်း အကျဉ်းစခန်း၏ ညွှန်ကြားရေးမှူး ဟက်မီယဲ အီဘရာဟင် (Hakmiyeh Ibrahim) က ပြောကြားခဲ့သည်။
Source: DW
