CNI International News
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၇
အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ဆီးရီးယားနိုင်ငံရှိ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများမှ အီရတ် နိုင်ငံသို့ လွှဲပြောင်းပေးနေသည့် IS စစ်သွေးကြွများကို တရားစွဲဆိုပြီး အရေးယူမည်ဖြစ်ကြောင်း အီရတ်အစိုးရက ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်တွင် IS အဖွဲ့ ပြိုလဲသွားပြီးနောက်ပိုင်း ဆီးရီးယားတွင် ထိန်းသိမ်းထားသည့် စစ်သွေးကြွ ၉၀၀၀ ခန့်ကို လွှဲပြောင်းပေးနေမှုနှင့် ပတ်သက်ပြီး လုံခြုံရေးနှင့် နိုင်ငံရေး တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြပြီးနောက် အီရတ်နိုင်ငံ ၏ အမြင့်ဆုံး တရားစီရင်ရေးအဖွဲ့က ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်လက ဆီးရီးယားအစိုးရ တပ်ဖွဲ့များသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ IS အကျဉ်းသားများကို စောင့်ကြပ် ထိန်းသိမ်းထားသည့် ဒေသများမှ ကာ့ဒ်ဦးဆောင်သော တိုက်ခိုက်ရေးသမားများကို တိုက်ထုတ်နိုင်ခဲ့ပြီးနောက် IS အကျဉ်းသားများကို ရွှေ့ပြောင်းရန် လိုအပ်လာခဲ့သည်။

ဖမ်းခံထားရတဲ့ အိုင်အက်စ်တွေကို တွေ့ရစဉ်
ဆီးရီးယားတပ်ဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာသွားချိန်တွင် IS မိသားစုဝင်များ အပါအဝင် လူထောင်ပေါင်းများစွာရှိသော ကျယ်ဝန်းလှသည့် အယ်လ်ဟိုး (al-Hol) စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်တွင်လည်း အရှေ့မြောက်ပိုင်း ရှာဒါဒီ (Shaddadeh) မြို့ရှိ အကျဉ်းထောင်တစ်ခုကို အစိုးရ တပ်များက ထိန်းချုပ်နိုင်ခဲ့ပြီး ထိုအကျဉ်းထောင်မှ IS အကျဉ်းသားအချို့သည် တိုက်ပွဲများအတွင်း ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
သို့သော် ထွက်ပြေးသွားသူ အများအပြားကို ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
ယခုအခါ ဆီးရီးယားစစ်တပ်နှင့် ကာ့ဒ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုဒေသများရှိ IS အဖွဲ့၏ အမာခံအဖွဲ့ခွဲများ ပြန်လည်နိုးထလာမည်ကို လည်းကောင်း၊ ထိန်းသိမ်းထားသော IS အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်သွားမည်ကိုလည်းကောင်း စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
ကာ့ဒ်များနှင့် ကနဦး သဘောတူညီချက်အရ ဆီးရီးယားအစိုးရက IS အကျဉ်းသားများအတွက် တာဝန်ယူမည်ဟု ပြောကြားထားသည်။
အီရတ်အစိုးရကမူ ထွက်ပြေး လွတ်မြောက်သွားသော IS အကျဉ်းသားများ ပြန်လည်စုဖွဲ့ပြီး အီရတ်၏ လုံခြုံရေးနှင့် ကျယ်ဝန်းလှသော ဆီးရီးယား-အီရတ် နယ်စပ်ဒေသကို ခြိမ်းခြောက်လာမည့် အရေးကို စိုးရိမ်နေသည်။
Source: အေပီ
