CNI International News

ဒမတ်စကတ်၊ ဇွန်လ ၁၃

IS အဖွဲ့သည် တစ်ချိန်က နယ်မြေ အများအပြားကို ထိန်းချုပ်နိုင်ခဲ့သည့် ဆီးရီးယားနှင့် အီရတ်တွင် တပ်ဖွဲ့ဝင် များကို ပြန်လည်၍စုနေကြောင်း ဆီးရီးယား၊ အီရတ်၊ အမေရိကန်နှင့် ဥရောပ အရာရှိများ အပါအဝင် သတင်းရင်းမြစ် ၂၀ ကျော်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ‌ဖော်ပြခဲ့သည်။

IS အဖွဲ့သည် ဆီးရီးယားတွင် အာဆတ် (Assad ) အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီးနောက် မတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို အမြတ်ထုတ်နိုင်ခြေရှိကြောင်း အရှေ့အလယ်ပိုင်း ခေါင်းဆောင်များနှင့် အနောက်နိုင်ငံများက သတိပေးခဲ့သည်။

ထိုလက်နက်ကိုင်အဖွဲ့သည် ပစ်မှတ်များကို သတ်မှတ်ခြင်း၊ လက်နက်များနှင့် တပ်သားသစ်များ စုဆောင်းခြင်း၊ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်နေသည်ဟုလည်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

လက်ရှိ အချိန်အထိ IS အဖွဲ့၏ လှုပ်ရှားမှုများသည် အကန့်အသတ်နှင့်သာ ရှိနေသေးကြောင်း IS အဖွဲ့ကို နှစ်ပေါင်းများစွာကြာ စောင့်ကြည့်ခဲ့သည့် ဆီးရီးယားနှင့်အီရတ် ထောက်လှမ်းရေးများက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ဆော်ဒီမင်းသားနဲ့ ဆီးရီးယားအစိုးရသစ်သမ္မတကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အာဆတ်အစိုးရကို ဖြုတ်ချရန် သူပုန်များက ဒမတ်စကတ် (Damascus) မြို့တော် အတွင်း ချီတက်ဝင်ရောက်လာချိန်တွင် IS ခေါင်းဆောင်များသည် ရက်ကာ (Raqqa) မြို့၌ ခြေကုပ်ယူခဲ့ကြောင်း အီရတ်အကြမ်းဖက်မှု တိုက်ဖျက်ရေးအရာရှိများက ပြောကြားခဲ့သည်။

ထို့နောက် IS တပ်မှူးများသည့် အီရတ်နိုင်ငံသို့ အဖွဲ့ဝင် ၂ ဦး စေလွှတ်ခဲ့ကာ အီရတ်တွင် တိုက်ခိုက်မှုများ ပြုလုပ် ရန် ၎င်းတို့၏ နောက်လိုက်များကို ညွှန်ကြားခဲ့ကြောင်း၊ သို့သော် ထိုအဖွဲ့ဝင် ၂ ဦးသည် ဒီဇင်ဘာ ၂ ရက်က အီရတ် နိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်ချိန်၌ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရကြောင်း အရာရှိများက ပြောကြားခဲ့သည်။

၁၁ ရက်အကြာတွင် အီရတ်လုံခြုံရေး တပ်ဖွဲ့များသည် ဖမ်းဆီးရမိထားသည့် ထို IS အဖွဲ့ဝင် ၂ ဦးထံမှ သတင်း အလက်များကို ရရှိခဲ့ကြပြီး IS အဖွဲ့၏ တိုက်ခိုက်မှု အစီအစဉ်များကို ဟန့်တားနိုင်ခဲ့သည်။

ဆီးရီးယားတပ်ဖွဲ့ကို တွေ့ရစဉ်

IS အဖွဲ့သည် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်မှု ၃၈ ခု ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ ပြီး ယခုနှစ်အတွင်း တိုက်ခိုက်မှု ၉၀ ကျော် ရှိလာနိုင်သည်ဟု SITE ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အီရတ်တွင် ၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း IS အဖွဲ့က တိုက်ခိုက်မှု ၄ ကြိမ်ကို ကြေညာခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူအတွင်း တိုက်ခိုက်မှု ၆၁ ကြိမ် ရှိခဲ့သည်။

Source: ရိုက်တာ