CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၅

ဆီးရီးယားနိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦးနှင့် အရပ်သား စကားပြန်တစ်ဦး သေဆုံးစေခဲ့သည့် ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့ကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုသည် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေဆဲ ဖြစ်သော် လည်း ထရမ့်ကမူ ထိုတိုက်ခိုက်မှုအတွက် အိုင်အက်စ်အဖွဲ့ကို အပြစ်တင်ခဲ့သည်။

ဆီးရီးယားတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက သမ္မတ အာဆတ် (Bashar al-Assad) အစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး နောက် ယခုတိုက်ခိုက်မှုသည် အမေရိကန်စစ်သားများ သေဆုံးစေခဲ့သည့် ပထမဆုံးဖြစ်စဉ် ဖြစ်ခဲ့သည်။

ထို့ပြင် ထိုတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၃ ဦးနှင့် ဆီးရီးယားစစ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားအစိုးရနှင့် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

ဆီးရီးယားနယ်မြေကို တွေ့ရစဉ်

ထရမ့်ကမူ ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သားများ အခြေအနေ ကောင်းမွန်ကြောင်း သတင်းရရှိခဲ့သည်ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့နောက် အိုင်အက်စ်အဖွဲ့ အနေဖြင့် ထိုတိုက်ခိုက်မှုအတွက် ဆိုးရွားသည့် အကျိုးဆက်များ ရှိလာလိမ့်မည်ဟု ထရမ့်က သတိပေးခဲ့သည်။

"ဒါက အမေရိကန်နဲ့ ဆီးရီးယားကို တိုက်ခိုက်တဲ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။ သူတို့ (အိုင်အက်စ်) တွေ အပြည့်အဝ မထိန်းချုပ်နိုင်သေးတဲ့ ဆီးရီးယားရဲ့ အလွန်အန္တရာယ်များတဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။ ဆီးရီးယားသမ္မတ အာမက် အယ် ရှာရား (Ahmed al-Sharaa) ကလည်း ဒီတိုက်ခိုက်မှုနဲ ပတ်သက်ပြီး တော်တော် ဒေါသထွက်နေပါတယ်။ ပြင်းထန်တဲ့ လက်တုန့်ပြန်မှု ရှိလာပါလိမ့်မယ်" ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်းက အပျက်အစီးများကို တွေ့ရစဉ်

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဆက်ဟက် (Pete Hegseth) ကလည်း အမေရိကန် စစ်သားများကို တိုက်ခိုက် သည့် မည်သူကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"သိထားရမှာ တစ်ခုက ကမ္ဘာပေါ်က ဘယ်နေရာမှာမဆိုရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကို ခင်ဗျားက ပစ်မှတ် ထားမယ်ဆိုရင် အမေရိကန်က ခင်ဗျားကို အမဲလိုက်သလို လိုက်လံရှာဖွေပြီး ခင်ဗျားကို ချေမှုန်းပစ်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ ခင်ဗျားတစ်သက်လုံး ထိတ်လန့်စွာ နေထိုင်သွားရပါလိမ့်မယ်" ဟု ဟက်ဆက်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဆီးရီးယားတွင် ဒီဇင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ ခြုံခိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန် ဗဟိုစစ် ဌာနချုပ် (CENTCOM) က ပထမဆုံး ကြေညာခဲ့ခြင်းဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား