CNI International News

ပြုံယမ်း၊ ဒီဇင်ဘာ ၁၅

ရုရှားနိုင်ငံ၏ ကာ့စ် (Kursk) ဒေသတွင် မိုင်းများကို ရှင်းလင်းရန်အတွက် မြောက်ကိုရီးယား စစ်သားများကို စေလွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်(Kim Jong Un)က ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

ကင်မ်၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ၎င်း၏ စစ်သားများကို ရုရှားတွင် အလွန်အန္တရာယ်များသည့် တာဝန်များပေးခဲ့ကြောင်း အတည်ပြုရာ ရောက်ခဲ့သည်။

မြောက်ကိုရီးယားသည် ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေသော ရုရှားဘက်မှ စစ်ကူပေးသည့် အနေဖြင့် ထောင်နှင့်ချီသည့် စစ်သားများကို စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်နိုင်ငံများမှ ထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

အပြန်အလှန်အားဖြင့် ရုရှားကလည်း မြောက်ကိုရီးယားကို ဘဏ္ဍာရေး အကူအညီ၊ စစ်ရေးနည်းပညာ၊ အစားအစာ နှင့် လောင်စာ အထောက်အပံ့များ ပေးခဲ့ကြောင်း  လေ့လာသူများက ပြောကြားခဲ့သည်။

ကင်မ်ကမူ ရုရှားမှ ပြန်လည် ရောက်ရှိလာသည့် မြောက်ကိုရီးယား အင်ဂျင်နီယာ တပ်ရင်းကို ကြိုဆိုပွဲ အခမ်း အနားဖြင့်  ချီးကျူးဂုဏ်ပြုခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

စစ်သားတွေနဲ့ ပွေ့ဖက်နေတဲ့ ကင်မ်ကို တွေ့ရစဉ်

ဩဂုတ်လမှစပြီး ရုရှားတွင် ရက်ပေါင်း ၁၂၀ ကြာ မိုင်းရှင်းလင်းရေး တာဝန်များကို ထမ်းဆောင်ခဲ့ချိန်အတွင်း မြောက်ကိုရီးယား မိုင်းရှင်းလင်းရေး တပ်ရင်း၏ စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း ကင်မ်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့ကြသည့် စစ်သားများကို ကင်မ်က မြောက်ကိုရီးယား၏ ဂုဏ်ထူး ဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

"အရာရှိတွေရော၊ စစ်သားတွေ အပါအဝင် ခင်ဗျားတို့ အားလုံးဟာ နေ့စဉ်နီးပါး မခန့်မှန်းနိုင်လောက်တဲ့ ရုပ်ပိုင်း ဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ သူရသတ္တိကို ပြသခဲ့ကြပါတယ်" ဟု ကင်မ်က ပြောကြားခဲ့သည်။

KCNA သတင်းအေဂျင်စီက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ကင်မ်သည် ရုရှားစစ်မြေပြင်မှ ပြန်လည် ရောက်ရှိ လာသည့် မြောက်ကိုရီးယား၏ အမှတ် ၅၂၈ အင်ဂျင်နီယာတပ်ရင်းမှ စစ်သားများကို ပွေ့ဖက်ပြီး နှုတ်ဆက်နေပုံ များကို မြင်တွေ့ရသည်။

Source: CAN