CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀

ဆီးရီးယားယာယီသမ္မတ အာမက် အယ် ရှာရား (Ahmad al-Sharaa) သည် နိုဝင်ဘာ ၈ ရက်က အမေရိကန်သို့ ရောက်ရှိလာခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေ ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရှာရားနှင့် ဆီးရီးယား အစိုးရအဖွဲ့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းပေးခဲ့သည်။

ထို့နောက် အမေရိကန်ကလည်း ရှာရားကို အကြမ်းဖက် ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ရှာရားသည် ဝါရှင်တန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရှာရားသည် အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အယ်ကေဒါအဖွဲ့နှင့် အဆက်အသွယ် ရှိခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်က အာဆတ် (Bashar Assad) အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့သည့် ဟာရာ တာဟရိ အယ် ရှား (Hayat Tahrir al-Sham-HTS) အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ရှာရား၏ လက်နက်ကိုင်အဖွဲ့သည် အာဆတ် အစိုးရအဖွဲ့ကို ဖြုတ်ချခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် အမေရိကန်က ရှာရားအား ဖမ်းဆီးရန် ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်ထားသည့် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ထို့နောက် ယခုနှစ် မေလတွင် ထရမ့်က ဆီးရီးယားအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများကို အဆုံးသတ်ရန် သမ္မတ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆော်ဒီ၌ ပြုလုပ်သော ဒေသတွင်း အစည်းအဝေး တစ်ခုမှာ ရှာရားနှင့် ပထမဆုံးအကြိမ် သီးသန့်တွေ့ဆုံခဲ့သည်။

ဆော်ဒီမင်းသား၊ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတ ရှာရားကို တွေ့ရစဉ် 

ရှာရားသည် စက်တင်ဘာလကလည်း နယူးယောက်သို့ ရောက်ရှိခဲ့ပြီး ဆယ်စုနှစ် များစွာအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောခဲ့သည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခုခရီးစဉ်တွင်လည်း ရှာရားသည် ဆီးရီးယားနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၆ ခုနှစ်နောက်ပိုင်း အိမ်ဖြူတော်သို့ ရောက်ရှိသည့် ပထမဆုံး ဆီးရီးယားသမ္မတအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

ရှာရားနှင့် ထရမ့်တို့သည် နိုဝင်ဘာ ၁၀ ရက်တွင် အိမ်ဖြူတော်၌ အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ယခုလ အစောပိုင်းက ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံတမန် တွမ်ဘာရက် (Tom Barrack) ကမူ ရှာရားနှင့် ထရမ့်တို့သည် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အင်အား စုတွင် ပူးပေါင်းရေးအတွက် သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။

အမေရိကန်သည် ဆီးရီးယား၏ ဒမတ်စကတ် (Damascus) အနီးတွင် စစ်စခန်းတစ်ခု ထူထောင်ရန် စီစဉ်နေပြီး ဆိးရီးယားနှင့် အစ္စရေးကြား အခြေအနေကို စောင့်ကြည်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် ရည်ရွယ်ထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

Source: DW