CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်သည့် Fujian အမည်ရှိ သင်္ဘောသည် ပင်လယ်ပြင် တွင် စမ်းသပ်မောင်းနှင်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်ရေတပ်တွင် စတင် တာဝန်ထမ်းဆောင်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၇ ရက်၌ ဖော်ပြခဲ့သည်။

ထိုလေယာဉ်တင် သင်္ဘောသည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို ပိုင်ဆိုင်ထားသည့် တရုတ်၏ စွမ်းဆောင်ရည်များအား ပိုမိုချဲ့ထွင်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Fujian လေယာဉ်တင်သင်္ဘောကို နိုဝင်ဘာ ၅ ရက်က တရုတ်၏ တောင်ပိုင်း ဟိုင်နန် (Hainan) ကျွန်းပေါ်ရှိ ရေတပ်စခန်းတွင် တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် အခြားထိပ်သီး ခေါင်းဆောင်များ တက်ရောက်ခဲ့ သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

တရုတ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောသည် ဆိုဗီယက်လုပ် Liaoning အမည်ရှိ လေယာဉ်တင် သင်္ဘော ဖြစ်ပြီး ဒုတိယလေယာဉ်တင် သင်္ဘောသည် ဆိုဗီယက်ဒီဇိုင်းကို အခြေခံထားပြီး တရုတ်တွင် တည်ဆောက်သည့် Shandong လေယာဉ်တင်သင်္ဘော ဖြစ်သည်။

တရုတ်ရဲ့ လေယာဉ်တင်သင်္ဘောပေါ်မှာ သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်

Fujian သည် တရုတ်၏ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်ပြီး တရုတ်တွင် ဒီဇိုင်းဆွဲပြီး တည်ဆောက်ခဲ့ သည့် ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်သည်။

ထိုလေယာဉ်တင် သင်္ဘောသည် ၂၀၃၅ ခုနှစ် မတိုင်မီ စစ်တပ်ကို အဆင့်မြှင့်တင် မွမ်းမံရန် ရည်ရွယ်ထားသည့် တရုတ်သမ္မတ ရှီ၏ ရည်မှန်းချက် ကြီးမားသော စစ်ရေး ပြုပြင်ပြောင်းလဲမှု၏ ပြယုဂ်တစ်ခုလည်း ဖြစ်သည်။

“လေယာဉ်တင် သင်္ဘောတွေက တရုတ်ကို  တစ်ကမ္ဘာလုံးမှာ စစ်ဆင်ရေး ပြုလုပ်နိုင်တဲ့ ရေတပ်အင်အားကြီး နိုင်ငံ အဖြစ် ရည်မှန်းထားတဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ အစီအစဉ်တွေအတွက် အဓိက ကျပါတယ်”ဟု မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးစင်တာမှ အာရှပင်လယ်ရေကြောင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီအစဉ်၏ ဒါရိုက်တာ ဂရက် ပိုလင်း (Greg Poling) က ပြောကြားခဲ့သည်။

တရုတ်ရေတပ်အတွက် ရည်မှန်းချက် တစ်ခုမှာ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါတို့၏ ရေပြင်များကို ဩဇာလွှမ်းမိုးရန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

သို့သော် ပစိဖိတ်ဒေသ အတွင်းဘက်ကို နက်ရှိုင်းစွာ ဝင်ရောက်ပြီး အမေရိကန်၏ အဓိက စစ်စခန်းများ တည်ရှိ သည့် ဂူအမ် (Guam) ကျွန်းနှင့် အခြားရေပြင် နယ်နိမိတ်များတွင်လည်း ရေတပ်အင်အား ပြိုင်ဆိုင်မှုကို မြှင့်တင် ရန် ရည်ရွယ်ထားသည်ဟု ပိုလင်းက ပြောကြားခဲ့သည်။ 

Source: အေပီ