CNI International News

တိုကျို၊ စက်တင်ဘာ ၁၉

စက်တင်ဘာ ၁၈ ရက်က ဂျပန်၏ ရေပိုင်နက်အနီးရှိ ရေပြင်များထဲသို့  တရုတ်လေယာဉ်တင် သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။

ထိုဖြစ်စဉ်သည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ဂျပန်နှင့်တရုတ်အကြား တင်းမာမှုများ မြင့်တက်စေသော စစ်ရေး လှုပ်ရှားမှုများထဲမှ နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

ဖျက်သင်္ဘောနှစ်စင်း ခြံရံထားသည့် လေယာဉ်တင်သင်္ဘောသည် ဂျပန်နိုင်ငံတောင်ပိုင်း ယိုနာဂူနီ (Yonaguni) နှင့် Iromote ကျွန်းစုများအကြား မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်၏ ကမ်းရိုးတန်း နယ်နိမိတ်နှင့် ရေမိုင် ၂၄ မိုင်အကွာသို့ ဝင်ရောက်ခဲ့သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂျပန်က အလွန်စိုးရိမ်ကြောင်း တရုတ်ကို သတင်းစကားပေးပို့ခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် ဂျပန်နှင့် ဒေသတွင်း လုံခြုံရေးအခြေအနေ ရှုထောင့်မှကြည့်လျှင် လုံးဝ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် ဟီရိုရှီ မိုရီယာ (Hiroshi Moriya) က ပြောကြားခဲ့သည်။

တရုတ်လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ်

"ကျနော်တို့ရဲ့ ရေပြင်နယ်နိမိတ်အနီးမှာ တရုတ်ရေတပ် သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့် သွားမှာဖြစ်ပြီး သတင်းအချက်အလက်တွေ စုစည်းဖို့နဲ့ စောင့်ကြပ် ကြည့်ရှုမှုတွေလုပ်ဖို့ လိုအပ်တဲ့ အစီအစဉ် အားလုံးကို လုပ်ဆောင်သွားမှာပါ"ဟု မိုရီယာက ပြောကြားခဲ့သည်။

လွန်ခဲ့သည့်လကလည်း တရုတ်ရေတပ်၏ လေ့လာရေးသင်္ဘောများသည် ဂျပန်ရေပြင်များအတွင်း ဝင်ရောက် ခဲ့ပြီးနောက် ဂျပန်က တရုတ်ကို ကန့်ကွက်စာ ပေးပို့ခဲ့သည်။

ဇူလိုင်လအတွင်းကမူ ဂျပန်ရေတပ် ဖျက်သင်္ဘောတစ်စင်းသည် ထိုင်ဝမ်အနီးရှိ တရုတ်ရေပိုင်နက်အတွင်းသို့ ဝင်ရောက် မောင်းနှင်ခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဂျပန်နှင့် ထိုင်ဝမ်အနီးတွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများ မြင့်တက်ခဲ့သဖြင့် ဂျပန်ကို စိုးရိမ်မှုများ ဖြစ်စေခဲ့သည်။

စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းတွင် တရုတ်၏ လေယာဉ်တင်သင်္ဘောအုပ်စုသည် ထိုင်ဝမ်အရှေ့ဘက် ဂျပန်၏ ယိုနာဂူနီ (Yonaguni) ၏ ကမ်းလွန်ရေပြင်များ၌ မောင်းနှင်နေသည်ကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ