CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၃

တရုတ်၏ နောက်ဆုံးပေါ် လေယာဉ်တင်သင်္ဘောဖြစ်သည့် Fujian အမည်ရှိ လေယာဉ်တင်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းပြီး သုတေသနစမ်းသပ်ချက်များနှင့် လေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တောင်တရုတ်ပင်လယ်အတွင်းသို့ မောင်းနှင်ဝင်ရောက်သွားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

"ဒေသဖြတ်ကျော် စမ်းသပ်မှုတွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တာဟာ ပုံမှန်ပြုလုပ်နေကျ မစ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒီမစ်ရှင်ဟာ ဘယ်သူ့ကိုမှ ပစ်မှတ်ထားခြင်း မဟုတ်ပါဘူး" ဟု တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ရေ (PLA Navy) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး လန်ကော်ဝေ (Leng Guowei) က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်တင် သင်္ဘောသည် စက်တင်ဘာ ၁၀ ရက်က ရှန်ဟိုင်းသင်္ဘောကျင်းမှ ထွက်ခွာသွားခဲ့ပြီးနောက် တောင်ဘက်သို့ ဦးတည် မောင်းနှင်သွားသည့် ဓာတ်ပုံများနှင့် ဗွီဒီယိုများသည် လူမှုမီဒီယာများပေါ်တွင် ထွက်ပေါ်ခဲ့သည်။

 တရုတ်လေယာဉ်တင်သင်္ဘောကို တွေ့ရစဉ် 

ဂျပန်၏ ပင်လယ်ပြင် ကာကွယ်ရေးတပ်ဖွဲ့ (ဂျပန်ရေတပ်) က စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ဂျပန်၏ ဆန်ကာကူ (Senkakus) ကျွန်းစု (တရုတ်အခေါ် တောင်ယူ -Diaoyu ကျွန်းစု) ၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာတွင် တရုတ်၏ Fujian လေယာဉ်တင်သင်္ဘောကို ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။

Fujian လေယာဉ်တင်သင်္ဘောကို ဖျက်သင်္ဘော ၂ စင်းက ခြုံရံလိုက်ပါလာမှုကို ဂျပန်စစ်တပ်က ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Fujian သည် တရုတ်၏ တတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်ပြီး တရုတ်၏ ပထမဆုံး လျှပ်စစ်သံလိုက် ကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။

ထို့ပြင် အမေရိကန်၏ USS Gerald R. Ford လေယာဉ်တင် သင်္ဘောပြီးနောက် Fujian လေယာဉ်တင် သင်္ဘော သည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် လျှပ်စစ်သံလိုက် ကိရိယာများ တပ်ဆင်ထားသည့် လေယာဉ်တင် သင်္ဘော ဖြစ်သည်။

Fujian လေယာဉ်တင် သင်္ဘောသည် J-35A ကိုယ်ပျောက် တိုက်လေယာဉ်များ၊ J-15T တိုက်လေယာဉ်များ၊ J-15DT အီလက်ထရောနစ် စစ်ဆင်ရေး လေယာဉ်များနှင့်  KJ-600 ကြိုတင် သတိပေးရေး လေယာဉ်များကို တင်ဆောင်ဖွယ်ရှိသည်။

Source: South China Morning Post