CNI International News
တိုကျို၊ ဒီဇင်ဘာ ၆
တရုတ်နှင့်တင်းမာမှုများ မြင့်တက်နေသည့်တိုင် ထိုင်ဝမ်နှင့် ဂျပန်တို့သည် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးစာချုပ်ကို ဒီဇင်ဘာ ၄ ရက်က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မကြာသေးမီက ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Takaichi Sanae) ၏ မှတ်ချက်စကားကြောင့် ဂျပန်နှင့် တရုတ်ကြား တင်းမာမှု မြင့်တက်ခဲ့ပြီးနောက် တိုင်ပေ (Taipei) မြို့တော်တွင် ပြုလုပ်သည့် ဂျပန်-ထိုင်ဝမ် စီးပွားရေးနှင့်ကုန်သွယ်ရေး ညီလာခံ၌ သက်ဆိုင်ရာအရာရှိများက သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီချက်သည် ၂၀၁၃ ခုနှစ်က ချုပ်ဆိုခဲ့သည့် အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေး သဘော တူညီချက်ကို ချဲ့ထွင်ခဲ့ခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ် စည်းမျဉ်းများကို ထည့်သွင်းထားကြောင်း ထိုင်ဝမ်၏ ကုန်သွယ် ရေး ညှိနှိုင်းရေးရုံးက ပြောကြားခဲ့သည်။
ယခုချုပ်ဆိုခဲ့သည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး စာချုပ်တွင် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်းနစ် ထုတ်လွှင့်မှုများ အပေါ် အခွန်ကင်းလွတ်ခွင့်များ၊ အခမဲ့ ဒေတာစီးဆင်းမှုနှင့် ဆိုက်ဘာလုံခြုံရေးတို့ ပါဝင်သည်။

ဂျပန်နိုင်ငံအတွင်းက အဆောက်အအုံကို တွေ့ရစဉ်
ထို့ပြင် နှစ်နိုင်ငံကြား အကောက်ခွန် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
ထိုလက်မှတ် ရေးထိုးပွဲကို ထိုင်ဝမ်နှင့် ဂျပန်ကြား အလွတ်သဘော ဆက်ဆံရေးများကို စီမံကိုင်တွယ်သည့် ဂျပန်-ထိုင်ဝမ် ဖလှယ်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့်လက ဂျပန်ဝန်ကြီးချုပ် တာကာအီချီသည် ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မည်ဆိုပါက ဂျပန်က စစ်ရေး ဖြင့် ပါဝင်မည်ဟု ပြောကြားခဲ့သဖြင့် တရုတ်နှင့် ဂျပန်ကြား တင်းမာမှုများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
တိုင်ပေတွင် လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်အရ တရုတ်၏ ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေသည့်တိုင် ဂျပန်နှင့် ထိုင်ဝမ်ကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်မည့် အခြေအနေကို ဖော်ပြရာ ရောက်ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ဂျပန်သည် အမေရိကန်ပြီးလျှင် ထိုင်ဝမ်၏ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများတွင် ထိုင်ဝမ်သည် ဂျပန်ဘက်မှ ထောက်ခံပေးခဲ့သည်။
Source: Nikkei Asia
