CNI International News
တိုကျို၊ သြဂုတ် ၁၉
တရုတ်၏ ရန်လိုမှုကို ရင်ဆိုင်ရန်အတွက် ဂျပန်နှင့် ဂျာမနီ မိတ်ဖွဲ့လိုက်ကြောင်း DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ် (Johann Wadephul) သည် ၎င်း၏ ပထမဆုံး ဂျပန်ခရီးစဉ်ကို စတင်ခဲ့ပြီး ဂျပန်သည် အာရှတွင် ဂျာမနီ၏ အကောင်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ဂျပန်နှင့် ဂျာမနီတို့သည် ကာလကြာရှည်ပြီး နက်ရှိုင်းမှုရှိကာ နီးစပ်သည့် ခင်မင်ရင်းနှီးမှု ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ဝါဒီဖူလ်သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာ (Takeshi Iwaya) နှင့် တွေ့ဆုံချိန်တွင် နှစ်နိုင်ငံကြား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို လေးစားသည့် စံတန်ဖိုးများ တူညီမှုရှိကြောင်း၊ ထိုအချက်သည် အကျပ် အတည်းများနှင့် ပဋိပက္ခများ ဖြစ်ပွားသည့် အချိန်တွင် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယူကရိန်း၊ ဂါဇာနှင့် အီရန်နိုင်ငံတို့ကို ထောက်ပြခဲ့ပြီး မိတ်ဆွေများနှင့် ကြားနေမိတ်ဖက်များကြား နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် အရေးကြီးလာကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီယာဝါကလည်း စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျပန်နှင့် ဂျာမနီကြား နီးကပ်သော မိတ်ဖက်ဆက်ဆံရေးသည် အရေးကြီးကြောင်း၊ နှစ်နိုင်ငံစလုံးသည် ဥရောပနှင့် အာရှ တွင် စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါဒီဖူလ်ကမူ ဒေသတွင်း ဒီမိုကရေစီနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ခြိမ်းခြောက်မှု အရင်းအမြစ်နှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောကြားခဲ့ပြီး အာရှ-ပစိဖိတ်ဒေသကို တစ်ဖက်သတ် ပြောင်းလဲလိုသည့် တရုတ်၏ ခြိမ်းခြောက်မှုများကို ဆန်ကျင်ကြောင်း ပြောကြားခဲ့သည်။
“တရုတ်ကတော့ ထပ်တလဲလဲ ခြိမ်းခြောက်နေပါတယ်။ သူ့အတွက် အကျိုးရှိစေဖို့အတွက် နယ်နိမိတ်တွေနဲ့ ရှိရင်းစွဲ အနေအထားကို တစ်ဖက်သတ် ပြောင်းလဲဖို့ အနည်းနဲ့ အများဆိုသလို လုပ်ဆောင်နေပါတယ်” ဝါဒီဖူလ်က ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်၏ အလွန်ရန်လိုသည့် အပြုအမှုများကိုလည်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ခဲ့သည်။
“နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းမှာ တင်းမာမှုတွေ မြင့်တက်လာတာဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေးအတွက် စိုးရိမ်ဖွယ် အကျိုးသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်” ဟု ဝါဒီဖူလ်က ပြောကြားခဲ့ သည်။
Source: DW