CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
ဒေါက်တာမျိုးဆက်သွေးသည် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ထွက်ပြီး အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ (NDF)ကို ဝင်ရောက်ခဲ့သည်။
ဒေါက်တာမျိုးဆက်သွေးကို NDF ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေမှူးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက်တွင် NDF ပါတီက ထုတ်ပြန်ခဲ့သည်။
ဒေါက်တာမျိုးဆက်သွေးက “ ထမင်းဝိုင်းမှာ အသင့်ထိုင်စားဖို့ ကံမပါသူဆိုတော့လည်း ကံပါတဲ့သူတွေ ထိုင်စားဖို့
ခူးခပ်ပေးပြီး ထားခဲ့ပါတယ်။ ကိုယ်ကတော့ လမ်းဖောက်၊ လမ်းခင်းရင်း လမ်းလျှောက်လေ့ရှိသူဆိုတော့လည်း
လမ်းခင်းဖော် အသစ်တွေနဲ့ လမ်းသစ်လျှောက် ပါတော့မယ်။ မိတ်ဟောင်း ဆွေဟောင်းများ နားလည်ပေးကြမယ် ထင်ပါတယ်”ဟု NDF ပါတီဝင် အဖြစ်လက်ခံရရှိသော စာနှင့်အတူ တွဲ၍ သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားခဲ့သည်။
ဒေါက်တာမျိုးဆက်သွေးသည် ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၀ ရက်နေ့တွင် ပါတီကနေ နုတ်ထွက်ခဲ့သည်။
PPP ပါတီကနေ ဒေါက်တာမျိုးဆက်သွေး နုတ်ထွက်ခဲ့ရခြင်းက ပါတီတွင်း အုပ်စုဖွဲ့ခြင်း၊ အုပ်စုတစ်ခုက လွှမ်းမိုး ချုပ်ကိုင်နေခြင်းနှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသည်။
PPP နှင့် NDF တို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများဖြစ်သည်။