CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂
ရွေးကောက်ပွဲ ကျင်းပပေးမည့်ကာလကို ထုတ်ဖော်ပြောကြားထားသော်လည်း ယခု ၂၀၂၅ ခုနှစ်၌ နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေး အပြောင်းအလဲ ဖြစ်လိုပါက နှစ်ဖက်အတိုက်အခံ အင်အားစုများ အားလုံးအနေဖြင့် လမ်းဖွင့်ရန်လို ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု လောလောဆယ်ကတော့ ဖြစ်ဖို့အလားအလာကို မတွေ့ရသေးဘူးလို့ပဲ ရှင်းရှင်းပြောရမယ်။ သို့သော် လည်း ဒီလိုမျိုးဖြစ်နိုင်ဖို့ အလားအလာကို တွေ့ရဖို့ဆိုရင် အဓိက အတိုက်အခံတွေ၊ အဓိက အတိုက်အခံတွေလို့ ပြောရရင် တစ်ဖက်တည်းကို မဟုတ်ဘူး။ နှစ်ဖက်စလုံးကို ပြောတာဖြစ်တယ်။ အတိုက်အခံ ဖြစ်နေတဲ့အဖွဲ့တွေ အများအားလုံးက သူတို့အားလုံးက လမ်းဖွင့်ဖို့ လိုပါလိမ့်မယ်။ သူတို့အားလုံးက မင်းကိုပဲ ငါစောင့်နေတယ်။ ငါ့ကိုပဲ မင်းစောင့်နေတယ်ဆိုရင်တော့ ဒါကတော့ လမ်းပွင့်မှာမဟုတ်ဘူး” ဟု ပြောသည်။
ဘယ်လာရုစ်နိုင်ငံခရီးစဉ်မှာ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
နစကဥက္ကဋ္ဌဘက်မှ ၂၀၂၁ ခုနှစ် အာဏာရယူပြီး နောက်ပိုင်းကတည်းက ရွေးကောက်ပွဲကျင်းပ၍ အရပ်သား အစိုးရထံသို့ အာဏာလွှဲပြောင်းပေးမည်ဟု ထုတ်ဖော်ပြောကြားထားခဲ့သော်လည်း လက်ရှိအထိ အကောင်အထည် မဖော်နိုင်သေးသည်ကို တွေ့ရသည်။
သို့သော် ရုရှားနှင့်ဘယ်လာရုစ် နိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ အစောဆုံး ကျင်းပနိုင်ရေး စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက မြို့နယ်အားလုံးနှင့် တိုင်းရင်းသား အားလုံးကို ကိုယ်စားမပြုသည့် အနေအထား ဖြစ်သွားမည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
NCA နှစ်ပတ်လည် အခမ်းအနားကျင်းပစဉ်
၎င်းက “မထင်ပါဘူးဗျာ။ သူတို့က အာဏာသိမ်းစဉ် ကာလကတည်းက ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာကို ကြေညာခဲ့ပြီးသားလေ။ ပြီးတော့မှ ၆ လတစ်ကြိမ် ၆ လတစ်ကြိမ် သက်တမ်းတွေ တိုးလာတာလေ။ နောက်ပြီး တော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာက အခုမှ ပြောတာလည်း မဟုတ်ဘူး။ ၂၀၂၃ နောက်ပိုင်းမှာ လုပ်မယ်၊ အခု ၂၅ အကုန် ၂၆ အ(နှစ်)ဆန်းဆိုပြီး ပြောလာတယ်လေ။ သူ့ဘက်က သူကတော့ ဖြစ်ချင်တဲ့ဟာတွေကို ပြောနေတာ လို့ပဲ ကျနော်တို့ကတော့ နားလည်တယ်။ လုပ်လို့မရတာကိုလည်း သူတို့လည်း နားလည်တယ်။ အဲဒါကြောင့်လည်း ကော်မရှင် ကိုယ်တိုင်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ရဲ့ သုံးပုံတစ်ပုံမှာ လုပ်ဖို့ကိုတောင် တော်တော်လေး အားခဲ နေရတဲ့ အနေအထားလေ။ မြို့နယ် ၁၀၀ စွန်းစွန်းပဲ လုပ်မယ်ဆိုတဲ့ အနေအထားက မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ် တွေ၊ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးဆိုတဲ့အဓိပ္ပါယ်ရောက်နေတယ်ပေါ့” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် ၄ နှစ်တာ ကာလအတွင်း နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကျယ်ပြန့် များပြားလာနေသည့်အတွက် တစ်နိုင်ငံလုံး တည်ငြိမ်ရေးကို နစကအနေဖြင့် မည်ကဲ့သို့ လုပ်ဆောင် နိုင်မည်နည်း ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက မေးခွန်းထုတ်လျက်ရှိကြသည်။
ထိုအခင်းအကျင်း၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ နစကဘက်မှ တာဝန်ယူရမည့် အနေအထားများ ရှိကြောင်းလည်း ထောက်ပြကြသည်။