CNI News

၂၀၂၅ ခုနှစ်၊ မေလ ၁၃

နစက ကျင်းပရန် ပြင်ဆင်နေသော ရွေးကောက်ပွဲတွင် ပြည်သူလူထုက မဲမပေးဘဲ No Vote များ ဖြစ်လာမည်ကို နိုင်ငံရေးပါတီများ စိတ်ပူနေကြောင်း နိုင်ငံရေးပါတီ ၃၁ ပါတီ၏ ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်က ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ ၃၁ ပါတီမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပူးတွဲ၍ အချက် ၁၈ ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။

ထိုအချက်များထဲတွင် ရွေးကောက်ပွဲဟူသည် နိုင်ငံသားအားလုံးအတွက် အကျိုးစီးပွားဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန်အတွက် နိုင်ငံတော်နှင့် UEC တို့မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း အကြမ်းဖက်သမားများ၏ အကြမ်းဖက် ဆောင်ရွက်မျုများကြောင့် No Vote များဖြစ်လာနိုင်ပါကြောင်း ဆွေးနွေးထားသည်။

 နိုင်ငံရေးပါတီ ၃၁ ပါတီရဲ့ ပူးတွဲထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့ကြောင့် ပြည်သူများ မဲပေးရေးကို စိတ်ဝင်စားလာ‌အောင် အသဲကြားက မဲတစ်ပြား သို့မဟုတ် ဦးနှောက်ထဲက မဲတစ်ပြားသည် သူနှင့် သူ့မိသားစု၏ အနာဂတ်အတွက် မည်မျှအရေးပါသည်ကို သိရှိနားလည်သည်အထိ ပါတီ မဲဆွယ်ခြင်းမျိုး မဟုတ်သည့် မဲပေးရေး လှုပ်ရှားမှုများအား ပါတီစွဲကင်းစွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် အကြံ ပြုလိုပါကြောင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင်  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများအတွင်း ရွေးကောက်ပွဲ ကျင်းပသွား မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။

သို့သော် နစကနှင့်မြန်မာ့တပ်မတော်ကို ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)တချို့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒီမိုကရေ စီအရေး တက်ကြွလှုပ်ရှားသူများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်ဆီးမည်ဟု ထုတ်ပြန်ထားသည်။

ထို့နောက် NUCC က နစက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ပါတီမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းမလုပ်ကြရန် ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်က တွေ့ဆုံကြတဲ့ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်နေပြီး နစက အနေဖြင့် မြို့ပေါင်း ၉၀ ကျော်ကို လက်လွတ်ဆုံးရှုံးထားရသလို နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် မှေးမှိန်လျက်ရှိနေသည်။

လတ်တလော အခြေအနေအရ နိုင်ငံရေးပါတီများသည် ချောက်တီးချောက်ချက် လက်နက်ကိုင် အဖွဲ့ငယ်များ လောက်ပင် ဩဇာတိက္ကမ နည်းပါးသလို ဖြစ်နေကြောင်း နိုင်ငံရေးပါတီ ၃၁ ပါတီ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၃၁ ပါတီ၏ ပူးတွဲထုတ်ချက်တွင် USDP ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ရှမ်းနှင့် တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ဒီမိုကရေစီပါတီ သစ်(ကချင်)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ခူမီးအမျိုးသားပါတီ၊ မွန်တိုးတက်ရေးပါတီ တို့ပါဝင် ကြသည်။