CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၃
တိုင်းဒေသကြီးနှင့်ပြည်နယ်အခြေပြု နိုင်ငံရေးပါတီများသည် ဥပဒေအရ ၅ မြို့နယ်တွင် ရုံးများဖွင့်လှစ်ရမည်ဟု ပြဋ္ဌာန်းထား၍ ရုံးများမဖွင့်နိုင်ပါက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသေးလား မရှိတော့ဘူးလားဆိုသည့် အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
နစကသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ဥပဒေတွင် တိုင်းဒေသကြီး/ပြည်နယ်၌ ယှဥ်ပြိုင်မည့် ပါတီများအနေဖြင့် ပါတီဝင်အင်အား ၁၀၀၀ ကို ရက်ပေါင်း ၉၀ အတွင်း စည်းရုံးရမည်ဖြစ်ကြောင်း၊ ပါတီရုံးခွဲများအား အနည်းဆုံး မြို့နယ် (၅) မြို့နယ်တွင် ဖွင့်လှစ် ရမည်ဖြစ်ကြောင်း ပါရှိသည်။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး နစကနှင့် မြန်မာ့တပ်မ တော်၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ လက်နက်ကိုင်အင်အားစုများ လက်အောက်သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်များ၌ ပါတီများ ရုံးခွဲများဖွင့်လှစ်ရန် ခက်ခဲလျက်ရှိနေသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်က နိုင်ငံရေးပါတီ ၃၁ ပါတီ တွေ့ဆုံနေစဉ်
ဥပဒေအရ မြို့နယ် ၅ ခုတွင် ရုံးမဖွင့်နိုင်သည့် ပါတီများအနေဖြင့် တရားဝင်မှတ်ပုံတင်ရန် ခက်ခဲသွားနိုင်ကြောင်း၊ ထိုအကျပ်အတည်းအတွက် စဥ်းစားနိုင်သည့် အချက်ကတော့ တည်နေရာပြောင်းကာ ရုံးဖွင့်ခွင့်ပေးမည်လား ဆိုခြင်းဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီဥပဒေအတိုင်းဆိုရင်တော့ ၅ မြို့နယ် ရုံးမဖွင့်နိုင်တဲ့ ပါတီတွေကတော့ တရားဝင်မှတ်ပုံတင်ဖို့ကတော့ ခက်ခဲသွားနိုင်မှာပေါ့၊ အဲဒါနဲ့ တဆက်တည်း မူလဥပဒေပြဋ္ဌာန်းချက်မှာ ပြည်ထောင်စုပါတီဆိုရင် ပါတီဝင်ဦးရေက တစ်သိန်းပြည့်ရမယ်၊ ရုံးပေါင်းက ၁၁၀ ထင်တယ်ဗျ၊ အဲဒါမျိုးကနေ ပြန်လျှော့ပေးလိုက်တာ ရှိတယ်၊ ဆိုတော့ အဲဒီလို လျှော့ပေးတဲ့ဥစ္စာလည်းပဲ ဥပဒေအရ နစက,က ပြင်ဆင်ပေးတာ ရှိတာပေါ့၊ ဒါပေမယ့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ကိုယ်စားပြုတဲ့ ပါတီတွေကျရင်တော့ ပါတီဝင်ဦးရေ ၁၀၀၀ ဆိုတာကတော့ အခုထိ အတည်ဖြစ် နေတယ်၊ ခုနက ၅ မြို့နယ် ရုံးဖွင့်ရမယ် ဆိုတာတော့ အတည်ဖြစ်နိုင်တယ်၊ အဲဒီတော့ တစ်ခုဖြစ်နိုင်တာက သတ်မှတ်တဲ့ ဧရိယာတစ်ခုမှာ ကိုယ်စားပြုတဲ့ ပါတီအနေနဲ့ မှတ်ပုံတင်မယ်၊ အဲဒီဧရိယာထဲမှာ မှတ်ပုံတင်ဥပဒေမှာ ပါတဲ့ အရေအတွက်ကို ရုံးဖွင့်ဖို့ ခက်ခဲမယ်ဆိုရင် တစ်ခုဖြစ်နိုင် စဥ်းစားနိုင်တာက Location ကို ပြောင်းခွင့်ပေး မှာလား ဆိုတာလေ၊ အဲဒါလေးကတော့ မပြောတတ်ဘူး အဲလိုဆိုရင် မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီတွေရဲ့ အခြေစိုက်တဲ့ ဒေသတွေကို ပြောင်းပေးရမှာပေါ့၊ ဥပမာ ကယားအခြေစိုက်တဲ့ ပါတီဟာ ကယားအခြေ မစိုက်ဘူး ဆိုတာ ဖြစ်သွားမှာပေါ့၊ ဆိုတော့ မူလရည်ရွယ်ချက် ပါတီထောင်တဲ့ ရည်ရွယ်တဲ့ ပါတီတွေနဲ့ ပတ်သက်လို့ UEC ဘယ်လိုဆွေးနွေးမှာလဲ၊ အဲဒါကတော့ အားလုံးကလည်း စိတ်ဝင်စားမယ်ထင်တယ်” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား လာမည့်(၂၀၂၅ ခုနှစ်) ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသော ကြောင့် ပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူများအနေဖြင့် မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက် ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌတွေ့ဆုံစဉ်
ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၂၇ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၇၇ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ခဲ့သည်။
ဥပဒေကြောင်းအရဆိုပါက သတ်မှတ်သည့် အချိန်ကာလတွင် ရုံးဖြစ်ဖြစ်၊ ပါတီဝင် အရေအတွက်ဖြစ်ဖြစ် မပြည့်မီပါက ပါတီမှတ်ပုံတင်ထဲမှ ပျက်ပြယ်သွားကြောင်း၊ ထိုသို့ ပျက်ပြယ်သွားသည့်အတွက် ရွေးကောက်ပွဲ ဝင်၍မရတော့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥပဒေကြောင်းအရလို့ တစ်ခုထဲ ပြောရင်ပေါ့နော်၊ ဥပဒေမှာ ရေးထားတဲ့ စာအရဆိုရင်တော့ သတ်မှတ်တဲ့ အချိန် ကာလမှာ အဲဒီဟာတွေ ရုံးပဲဖြစ်ဖြစ်၊ ပါတီဝင် အရေအတွက်ပဲဖြစ်ဖြစ် မပြည့်မီရင်သူက ပါတီမှတ်ပုံတင်ထဲ ကနေ ပျက်ပြယ်သွားတာပေါ့နော်၊ ပျက်ပြယ်သွားတယ်ဆိုတော့ ရွေးကောက်ပွဲဝင်လို့ မရဘူးပေါ့ဗျာ၊ ပါတီအဖြစ်ကို ဆက်မရှိတော့တဲ့ သဘောပေါ့၊ ဒါက ဥပဒေကြောင်းအရပေါ့၊ သို့သော် ခုနပြောသလို ဖြေလျှော့မှုတွေ၊ နားလည်မှု ပေးတာတွေဘာတွေက လုပ်လို့ရလားမရလား ဆိုတာတွေကတော့ လက်ရှိ နစက အစိုးရအပေါ်မှာပဲ မူတည်ပါ တယ်၊ မပြည့်မီရင်တော့ ပါတီက အလိုအလျောက် ဖျက်သိမ်းပြီးသား ဖြစ်သွားမှာပေါ့ဗျာ၊ အဲဒီတော့ နစကအနေနဲ့ ကတော့ တချို့ဖြေလျှော့မှုတွေ ဥပဒေကိုလည်း ပယ်ဖျက်တာမဟုတ်ဘဲနဲ့ လုပ်လို့ရတာရှိနိုင်တယ်၊ ဥပမာအားဖြင့် မြို့နယ်ရုံး ၅ ရုံးကို အဲမြို့နယ်မှာ မဟုတ်သော်ငြားလည်းပဲ ဆိုလိုတာကဗျာ ကယားပြည်နယ်မှာ ကျန်တဲ့မြို့နယ် တွေမှာ ပါတီရုံးတွေဖွင့်လို့ အဆင်မပြေရင် အဆင်ပြေတဲ့မြို့နယ်မှာ ကျန်တဲ့မြို့နယ်ရဲ့ ရုံးတွေကို ယာယီသဘော မျိုး ဖွင့်တာမျိုး ခွင့်ပြုပေးရင် ဘာညာစသဖြင့် ဒါမျိုးလေးတွေ ဖြေလျှော့ပေးတာမျိုးလေးတွေတော့ လုပ်လို့ရနိုင် မယ်ထင်တယ်” ဟု ပြောသည်။
နိုင်ငံရေးပါတီများနဲ့ နစကဥက္ကဋ္ဌတွေ့ဆုံစဉ်
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို ထိန်းချုပ်ထားသည်။ ထိုမြို့နယ်များမှာ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများဖြစ်သည်။
ထို့ပြင် ချင်းပြည်နယ်၏ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ချင်းညီနောင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောကြားခဲ့သည်။
အလားတူ ကယားပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိရာ နစကနှင့်မြန်မာ့တပ်မတော်က လွိုင်ကော်မြို့နယ်ကို သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့နယ်များကို လက်နက်ကိုင်အင်အားစုများက ထိန်းချုပ်ထားသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နိုင်ငံရေးပါတီများသည် မြို့နယ် ၅ မြို့နယ်မှာ ရုံးများ မဖွင့်လှစ် နိုင်သော အခြေအနေရောက်နေခြင်းကြောင့် ဥပဒေအရ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသေးလား မရှိတော့ဘူးလား အငြင်းပွာဖွယ်ဖြစ်နေသည်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။