CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅

နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရကြောင်း၊ ကိုဗစ် ရောဂါ ဖြစ်ပေါ်နေသည့်အတွက် ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစိုးရခေါင်းဆောင်များကို တောင်းဆိုခဲ့သော်လည်း ရွှေ့ဆိုင်းပေးခြင်း မရှိကြောင်း ပြည်မြို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အောက်တိုဘာ ၄ ရက်နေ့က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက အမျိုးသမီးတစ်ဦး မဲထည့်နေစဉ် (GETTY IMAGES)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ရွေးကောက်ပွဲ မဲမသမာမှုရဲ့ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများကြောင့် ပြည်တွင်း စီးပွားရေး ကျဆင်းမှုနဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ တပ်မတော်တို့ တက်ညီလက် ညီ ပူးပေါင်း ဆောင်ရွက်ခဲ့မှုနဲ့ ကျော်လွှားနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမှာ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အခု အခြေအနေကို ရောက်ရှိခဲ့ခြင်း ဖြစ်တဲ့အတွက် နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမယ်”ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ကြောင်း တရားလွှတ်‌တော် ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ NUG က ခေါင်းဆောင်နဲ့ နွေဦးတော်လှန်ရေးတပ်တွေနဲ့ EAO တွေက ထိထိရောက်ရောက် ဖိအား မပေးနိုင်ဘူးဆိုရင် ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်သွားလိမ့်မယ်၊ သူတို့အတွက် အသက်ပဲ၊ အဲဒါ သူတို့အတွက် ထွက်ပေါက်ပဲ၊ ပြည်တွင်း ထွက်ပေါက်၊ နိုင်ငံတကာထွက်ပေါက် လိမ်လည်ဖို့ အကောင်းဆုံး၊ လိမ်ဖို့ အကောင်းဆုံး သူတို့အသက်ကို အာမအခံဆုံး၊ သူတို့ ထာဝရ အုပ်ချုပ်သွားဖို့ အာမခံချက် အကောင်းဆုံးလို့ သူတို့ ကိုယ်တိုင်က အဲဒီအတိုင်း ယုံကြည်နေတယ်၊ အဲဒါကြောင့်မို့လို့ ဘယ်သူ ဘာဖြစ်ဖြစ်၊ ယုံယုံ၊ မယုံယုံ အတင်းလုပ်လိမ့်မယ်၊ အဲဒါ ကတော့ အသေအချာပဲနော်” ဟု ပြောသည်။

မဲစာရွက်များကိုတွေ့ရစဉ် (AFP)

ရွေးကောက်ပွဲ တစ်ခုလုပ်မည်ဆိုပါက မဲဆန္ဒရှင်များ လုံခြုံရေးနှင့် လွတ်လွတ်လပ်လပ် မဲပေးနိုင်သည့် အခင်း အကျင်း ဖြစ်ရန် လုပ်ဆောင်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်ဌာနသို့ ပြောသည်။

၎င်းက “ဒီရွေးကောက်ပွဲ တစ်ခု ကျင်းပလို့ မဲဆန္ဒရှင်က၊ မဲဆန္ဒရှင်ပြည်သူတွေ လုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့က အရေးကြီးတယ်၊ ရွေးကောက်ပွဲ တစ်ခုဆိုတာ အဲဒါကြောင့် ဒီမဲဆန္ဒရှင်တွေ လုံလုံခြုံခြုံနဲ့ လွတ် လွတ် လပ်လပ် မဲပေးနိုင်တဲ့ အခင်းအကျင်း ရှိအောင် ကြိုးစားဆောင်ရွက်ဖို့ အဓိက အရေးကြီးတယ်လို့ မြင်တယ်၊ အဲဒီလို အခင်းအကျင်းမျိုး မဖြစ်နိုင်ရင်တော့က အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေက ဘယ်လို ရှိမလဲဆိုတာတော့က မေးခွန်းထုတ်စရာ ဖြစ်နေတယ်” ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မိမိတို့ ပါတီအနေဖြင့် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း ၎င်းက ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို တိုင်းပြည် အာဏာ လွှဲပေးမည်ဟု နစကဥက္ကဋ္ဌက ပြောကြားထားသည်။