CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
ရွေးကောက်ပွဲမကျင်းပခင်မှာ နစကနှင့် ဒီမိုကရေစီ အင်အားစုများကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး သဘောတူညီချက် ကြိုတင်ရယူထားနိုင်ပါက နိုင်ငံရေးပါတီ တချို့သည် ပါတီမှတ်ပုံတင်လာနိုင်ဖွယ် ရှိသလားဆိုကာ သုံးသပ်မှုများရှိနေသည်။
မှတ်ပုံမတင်ထားသည့် ပါတီများ ပါဝင်လာနိုင်ရန် နိုင်ငံရေးသဘောတူညီချက် အဓိကလိုအပ်သလို မြို့နယ် ၁၁၀ တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဆိုသည့် အချက်ကို ပြင်ဆင်ပေးရန်လိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့ ဘယ်လောက် လျှော့နိုင်သလဲဆိုတဲ့ အခြေအနေပေါ် မူတည်တယ်။ နောက် တစ်ချက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ရှိမလဲပေါ့။ နောက်ပြီးတော့ နိုင်ငံရေးသဘောတူညီချက်တွေ ဘယ်လောက် ရအောင်ကြိုးစားနေလဲ။ အခုဆိုရင် နိုင်ငံရေးသဘောတူညီချက်တွေ တစ်ယောက်မှ ဘာမှမရဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှလည်း ဆွေးနွေးတာမရှိဘူး။ ဆိုရင်တော့ ဒီတိုင်းပဲ သွားရမှာပဲ။ အခုဖြေလျှော့ပေးတာက မြို့နယ် ၁၆၅ မြို့နယ်ကနေ ၁၁၀ အထိ၊ လူတစ်သိန်းကနေ လူငါးသောင်း ဖြေလျှော့ပေးတာ ရှိတယ်။ ဒါပေမယ့် ကျနော်ထင်တယ် တစ်ပြည်လုံးကို ပြိုင်မယ့် ၉ ပါတီထဲမှာ မြို့နယ် ၁၁၀ မှာ ရုံးဖွင့်ပြီးတော့ ပါတီဝင် ငါးသောင်း ရဖို့ကတော့ ဖြစ်ချင်ဖြစ်လာနိုင်တယ်။ သို့သော် မြို့နယ် ၁၁၀ ဖွင့်နိုင်ဖို့ဆိုတာ ကျနော်ကတော့ သိပ်မထင်ဘူး။ အဲဒီ ၁၁၀ ဆိုတာ လွယ်တာမှမဟုတ်ဘဲ လက်ရှိ အခြေအနေမှာ။ နိုင်ငံရေး သဘောတူညီချက်ပါပဲ။ တစ်ဖက်နဲ့တစ်ဖက် သဘောတူအောင် ပြောနိုင်ရင် ဖြစ်တာပဲ”ဟု ပြောသည်။
NSPNC ဦးဆောင်ကျင်းပသည့် Paece Talk 2025 ဆွေးနွေးပွဲကို တွေ့ရစဉ်
လက်ရှိတွင် အင်အားကြီး ပါတီများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် ပါတီမှတ်ပုံတင်ခြင်းမရှိဘဲ စောင့်ကြည့်နေသလို ရခိုင်အမျိုးသားပါတီ(ANP)က ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံထားရသည်။
နစကဥက္ကဋ္ဌက မည်သို့ပင်ဖြစ်စေ လာမည့်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးရန်လိုသည်ဟု ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်တွင် ပြုလုပ်သည့် နစကကောင်စီ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့ တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူ ရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် ရက်အကန့်အ သတ် ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ပြုလုပ်မည်ဟု ပြောဆို ထားသဖြင့် မှတ်ပုံမတင်ထားသည့် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးမှု လုပ်သင့်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက နစက ဦးဆောင်၍ ကျင်းပမည့် ရွေးကောက်ပွဲမှ ထွက်လာမည့် ရလဒ်သည် လက်ရှိအာဏာရယူထားသည့် တပ်မတော်နှင့် ထိပ်တိုက်ပဋိပက္ခဖြစ်မည့် ရလဒ်မျိုး ဖြစ်၍မရကြောင်း မတ်လ ၂၄ ရက်က Myanmar Hard Talk သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။
ရွေးကောက်ပွဲကော်မရှင်သည် ပါတီမှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့သော်လည်း ပါတီတချို့ကို မှတ်ပုံတင်ခွင့် ပယ်ချခဲ့သလို တချို့ပါတီများကိုတော့ ပါတီမှတ်ပုံတင်၍ မရအောင် မဖြစ်နိုင်သော စည်းကမ်းသတ်မှတ်ချက်များ ပြဋ္ဌာန်းပြီး ပိတ်ပင်ထားကြောင်း ထောက်ပြကြသည်။
ရခိုင်အမျိုးသားပါတီကို တွေ့ရစဉ်
ထို့ကြောင့် အများပြည်သူ လက်ခံသည့် နိုင်ငံရေးပါတီများ အနေဖြင့် မှတ်ပုံပြန်တင်ရန် မဖြစ်နိုင်ကြောင်း၊ မှတ်ပုံ တင် မကျသေးသည့် တိုင်းရင်းသားပါတီအချို့ အနေဖြင့်လည်း မှတ်ပုံတင် ကျနိုင်ဖွယ်မရှိကြောင်း စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အထူးသဖြင့် ဒီမိုကရက်တစ် ဖြစ်စဉ်အရ အများပြည်သူလက်ခံတဲ့ ပါတီတွေကတော့ ရွေးကောက်ပွဲ အတွက် သူတို့ စကစ အာဏာသိမ်းပြီးနောက်မှာ မှတ်ပုံတင်ခိုင်းတဲ့အခါ မတင်လာဘူး။ ဒါကတော့ မြင်သာထင် သာတဲ့ အလုပ်ပါ။ ဒါပေမယ့် တချို့သော တိုင်းရင်းသားပါတီတွေ အနေနဲ့ကြတော့ မှတ်ပုံတင်တယ်။ သို့သော် စကစ,က သူတို့ အကျိုးမရှိနိုင်ဘူးထင်တဲ့အတွက် မှတ်ပုံတင် မချပေးဘူး။ ဒါမျိုးတွေလည်း တွေ့ရတယ်။ ဆိုတော့ သူတို့က မှတ်ပုံတင်ခွင့် ပေးတယ်ဆိုတဲ့ ဟာမှာတောင်မှ သူတို့ရဲ့ဘက်တော်သား၊ သူတို့အကျိုးကို လိုလားသူ၊ သူတို့ကနေ ကျွေးမွေးထားတဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေကိုပဲ မှတ်ပုံတင်ခွင့် ပေးတယ်ဆိုတဲ့ ဟာမျိုး မြင်ရတယ်ပေါ့လေ” ဟု ပြောသည်။
လက်ရှိတွင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၅၃ ပါတီ စာရင်းပေးသွင်းထားပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ၌ ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တင်းကျပ်ထားသော အချက်အချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှာ ပြင်ဆင်ထုတ်ပြန်ထားသည်။
ပြင်ဆင်ထားသည့် အချက်များမှာ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ဦးရေ တစ်သိန်းအစား ငါးသောင်းအဖြစ် ရှိရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် နေ့မတိုင်ခင် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်သုံးပုံတစ်ပုံ၌ ပါတီရုံးခန်းများ ဖွင့်ရမည်တို့အပြင် အခြား အချက်များလည်း ပါဝင်သည်။