CNI International News

ပဲရစ်၊ မတ်လ ၂၈

ဥရောပခေါင်းဆောင် ၃၀ ခန့်သည် မတ်လ ၂၇ ရက်က ပြင်သစ်နိုင်ငံ၊ ပဲရစ် (Paris) မြို့တော်တွင် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) နှင့် တွေ့ဆုံခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ပြင်သစ်က ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၂ ဘီလီယံ ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။

“ဆန္ဒတူညီသော ညွန့်ပေါင်းအဖွဲ့”ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ခေါ်ဆိုထားသည့် တတိယအကြိမ်မြောက် ညီလာခံ တွင် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၊ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရူတီ (Mark Rutte) ၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တာ့စ် (Donald Tusk) ၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) နှင့် တူရကီ ဒုတိယသမ္မတ ဆက်ဗ်ဒက် ယီလ်မက်ဇ် (Cevdet Yılmaz) တို့ အပါအဝင် အခြားဥရောပခေါင်းများ လည်း စုရုံးရောက်ရှိလာခဲ့ကြသည်။

ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

အမေရိကန်၏ အကူအညီနှင့် ထောက်လှမ်းရေး အချက်လက်များ မျှဝေသုံးစွဲရေးကို ပြန်လည်စတင်နိုင်ရေး အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် ဇာလန်းစကီးက ယခုလ အစောပိုင်း တွင် သဘောတူညီခဲ့သည်။

ထို့နောက် ဇာလန်းစကီးသည် ဥရောပခေါင်းဆောင်များနှင့်တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။

သို့သော် ရုရှားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် ပင်လယ်နက်တွင် တိုက်ခိုက်မှုများနှင့် စွမ်းအင် အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုချက်များ အဆိုပြုထားသဖြင့် အလုံးစုငြိမ်းချမ်းရေး သဘောတူညီချက်သည် ဝေးကွာနေသေးသည်ဟု ဥရောပနိုင်ငံ အများအပြားက ယုံကြည်နေကြသည်။

“ယူကရိန်းအတွက် အရေးအကြီးဆုံး အထောက်အပံ့ကို အဓိကထားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ယူကရိန်း အနေနဲ့ ရုရှားကို ဆက်လက်ပြီး ခုခံတွန်းလှန်ဖို့ အထောက်အပံ့တွေက မရှိမဖြစ် လိုအပ်ပါတယ်” ဟု ပြင်သစ် သမ္မတ မက်ခရွန် (Emmanuel Macron)က မတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ဇာလန်းစကီးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး၊ ဗြိတိန်ဝန်းကြီးချုပ်နဲ့ နေတိုးအတွင်းရေးမှူးချုပ်တို့ကို တွေ့ရစဉ်

မက်ခရွန်သည် ဒုံးကျည်များ၊ စစ်လေယာဉ်များနှင့် လေကြောင်းရန် ကာကွယ်ရေးပစ္စည်းများ အပါအဝင် ပြင်သစ် ၏ နောက်ထပ် စစ်ရေး အကူအညီအဖြစ် ယူရို ၂ ဘီလီယံ ထောက်ပံ့ရန် ကတိပြုခဲ့သည်။

ထို့ကြောင့် အခြား ဥရောပခေါင်းဆောင်များ အနေနှင့်လည်း ယူကရိန်းအတွက် အကူအညီပေးရေး အစီအစဉ်များ ကို  ကြေညာနိုင်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်း-ဥရောပ အစည်းအဝေးများသည် ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးပွဲတိုင်းတွင် ဥရောပ၏ အခန်းကဏ္ဍကို ပုံဖော်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအစည်းအဝေးကို အမေရိကန်က တက်ရောက်ခြင်း မရှိခဲ့သော်လည်း အစည်းအဝေး၏ ရလဒ်များကို အမေရိကန်အစိုးရထံ မျှဝေပေးမည်ဖြစ်ကြောင်း ပြင်သစ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ