CNI International News

ဆိုးလ်၊ ဇန်နဝါရီ ၂၅

ရုရှား-ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီးနောက် မြောက်ကိုရီးယား သည် ရုရှားကို စစ်သားများ ထပ်မံပို့ဆောင်ပေးရန် ပြင်ဆင်နေသည်ဟု တောင်ကိုရီးယားက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား ကင်းထောက်ဂြိုဟ်တု တစ်စင်းနှင့် အမေရိကန်အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ရန် ပြင်ဆင်နေသည်ဟုလည်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

အမေရိကန်တွင် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုနှင့်အတူ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ထိပ်သီးအဆင့် သံတမန်ဆွေးနွေးပွဲများ ဖြစ်မြောက်မည့် အလားအလာများလည်း ထွက်ပေါ်လာခဲ့သည်။

ထရမ့်သည် ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un ) နှင့် ၃ ကြိမ် တွေ့ဆုံခဲ့ဖူးသည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ရုရှားအား မြောက်ကိုရီးယားစစ်သား ၁၀,၀၀၀ မှ ၁၂,၀၀၀ အကြား ပို့ဆောင်ပေးခဲ့ကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ယူကရိန်းထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ကင်မ်ဂျုံအန်နဲ့ ပူတင်ကို တွေ့ရစဉ်

အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားသည် ရုရှားထံမှ ခေတ်မီဆန်းသစ်သည့် လက်နက်နည်းပညာများကို ရရှိခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က ပြောကြားခဲ့သည်။

“ရုရှား-ယူကရိန်း စစ်ပွဲအတွက် မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ခဲ့တာ ၄ လကျော်လာတာနဲ့အမျှ စစ်မြေပြင်မှာ မြောက်ကိုရီးယားစစ်သားတွေ ထိခိုက်သေဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။  မြောက်ကိုရီးယားဟာ နောက်ထပ်စစ်သားတွေကို စေလွှတ်ဖို့ ပြင်ဆင်နေပြီး နောက်ထပ် အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်”ဟု JCS က ထုတ်ပြန်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များနှင့်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့်သေဆုံးပြီး ၂၇၀၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီက ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ကမူ မြောက်ကိုရီးယားစစ်သား ၄၀၀၀ ခန့်သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိခိုက်၊ သေဆုံးခဲ့သည့် မြောက်ကိုရီးယား စစ်သား အရေအတွက်ကို ၁၂၀၀ ခန့်ရှိကြောင်း ခန့်မှန်းထုတ်ပြန်ခဲ့သည်။

Source: အေပီ