CNI International News

ပြုံယမ်း၊ မေလ ၄

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) သည် ပြုံယမ်းမြို့တော်တွင် ကျင်းပသည့် အာဏာရ ပါတီ၏ လူငယ်အဖွဲ့ချုပ်ညီလာခံ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုတွေ့ဆုံမှုတွင် မြောက်ကိုရီးယားအစိုးရက လူငယ်များကို ပြည်တွင်း လှုံ့ဆော်မှုများတွင် သာမက ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ပါဝင်နေသည့် စစ်ရေး အခန်းကဏ္ဍတွင်ပါ အဓိက ကျသူများအဖြစ် ထပ်မံ ပုံဖော်လိုက် ခြင်းလည်း ဖြစ်သည်။

အသက် ၁၄ နှစ်မှ ၃၀ ဝန်းကျင်ရှိ လူငယ်များကို စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်ပြီး ၅ နှစ်တစ်ကြိမ် ကျင်းပသော ဆိုရှယ်လစ် မျိုးချစ်လူငယ်အဖွဲ့ချုပ်၏ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့သည့် သီတင်းပတ်က ဂုဏ်ပြု အခမ်း အနားများဖြင့် ပြုလုပ်ခဲ့သည်။

လူငယ်များသည် နိုင်ငံတော်၏ ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် ရှေ့တန်းတပ်ဦး ဖြစ်ကြောင်းနှင့် အဖွဲ့ချုပ် သည် ပါတီ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဓိက အင်အားစုဖြစ်ကြောင်း ကင်မ်က ပြော ဆိုခဲ့သည်။

 မြောက်ကိုရီးယား လူငယ်များကို တွေ့ရစဥ်

ထို့ပြင် ပိုမိုကျစ်လျစ်သော အဖွဲ့အစည်း ဖြစ်စေရန်နှင့် လမ်းစဉ်ပိုင်းဆိုင်ရာ စည်းကမ်း သေဝပ်စေရန် ကင်မ်က တိုက်တွန်းခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြထားသည်။

မေလ ၁ ရက်က ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာ တစ်စောင်တွင် အာဏာရ အလုပ်သမားပါတီက လူငယ်များ၏ သစ္စာစောင့်သိမှုကို ယူကရိန်းစစ်ပွဲ၌ ပါဝင်ပတ်သက်မှုနှင့် ချိတ်ဆက် ပြောဆိုခဲ့သည်။

ပြည်ပစစ်ဆင်ရေးများသို့ စေလွှတ်ခြင်းခံရသည့် လူငယ်စစ်သားများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကာကွယ် ရာတွင် အဓိကကျသူများ ဖြစ်လာခဲ့ကြောင်း ညီလာခံသို့ ပြောကြားခဲ့သည်။

တောင်ကိုရီးယား၊ ယူကရိန်းနှင့် အနောက်နိုင်ငံ အရာရှိများ၏ ခန့်မှန်းချက်များအရ မြောက်ကိုရီးယားသည် ရုရှား၏ ကာ့စ်ခ် (Kursk) ဒေသတွင် ရုရှားတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ရန် စစ်သားအင်အား ၁၄,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး၊ ထိုစစ်သားများအနက် ၆၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် လအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသွား ခဲ့သည့် မြောက်ကိုရီးယားစစ်သားများကို ဂုဏ်ပြုသောအားဖြင့် ပြုံယမ်းမြို့တော်တွင် ဝမ်းနည်းအောင့်မေ့ဖွယ် ကျောက်တိုင်အသစ် တစ်ခုကို ဖွင့်လှစ်ပေးခဲ့သည်။

Source: ရိုက်တာ