CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅

နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရှိအောင် လုပ်ဆောင်သင့်သော အစီအမံများအား နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)တို့ တွေ့ဆုံဆွေးနွေးကြသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ အစုအဖွဲ့၏ အလုပ်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းမည့် အခြေအနေများ၊ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အလားတူ နိုင်ငံတော်တည်ငြိမ် အေးချမ်းသာယာမှုရှိအောင် လုပ်ဆောင်သင့်သော အစီအမံများအား အကြံပြု ဆွေးနွေးကြခြင်း၊ ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေကြောင်းအရ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့်အစိုးရ-တပ်မတော်-ပြည်သူလက်တွဲပြီး ကျော်လွှားနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံရေးဝါဒမှိုင်းများကြောင့် ဖြစ်ပေါ်လာသည့် PDF များကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာရေး အကြံပြုတင်ပြခြင်းကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြံပြုချက်များအား ဆွေးနွေးခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်အင်အားစုများနှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန် စွာဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်က ရမခနှင့် နပခ စစ်တိုင်းဌာနချုပ် ၂ ခုအပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော်ကို လက်လွတ်ထားရသည်။

အလားတူ ရန်ကုန်၊မန္တလေး၊ နေပြည်တော်များတွင်လည်း ခိုးဆိုးလုနှိုက်မှုများနှင့် ဓားပြတိုက်မှုများ ဖြစ်ပေါ်နေ သလို လူငယ်များ ပျောက်ဆုံးမှုများဖြစ်ပေါ်ကာ တရားဥပဒေစိုးမိုးရေး အားနည်းလျက်ရှိနေသည်။