CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄

သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့် NSPCC-NSPWC-NSPNC ကို ပြန်လည် ဖွဲ့စည်းခဲ့ရာမှာ လွှတ်တော်အခန်းကဏ္ဍ မပါ လာခြင်းက ဘယ်လိုဖြစ်လာနိုင်လဲ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်နေကြသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ(NSPWC)၊ အမျိုးသား စည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်း ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရ၍ လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။

လက်ရှိ NSPNC စုဖွဲ့မှုတွင် လွှတ်တော် မထည့်ရသည့် ကိစ္စရပ်သည် လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဦးစွာ ဆောင်ရွက်မည့် ရည်မှန်းချက် ရှိပုံပေါက်ကြောင်း၊ လွှတ်တော်ကဏ္ဍ မပါဝင်သည့်အတွက် ပြည်သူလုထု၏ ကိုယ်စားပြုမှု လျော့နည်းသွားသည့် သဘောရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

NSPCC ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့စဉ်

၎င်းက “လွှတ်တော်မထည့်တာ ကျနော် မြင်တာကတော့ တပ်ပိုင်းဆိုင်ရာကိစ္စ‌တွေ သူတို့ အရင် စကားပြောပြီးမှ ဘာလို့ဆို သူတို့ အခု‌ဖိတ်ခေါ်တာ EAO တွေနဲ့ PDF တွေကို ဖိတ်ခေါ်တာကို။ ဖိတ်ခေါ်တယ်ဆိုတာ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာကို အရင်လုပ်ချင်လို့ ဒီကိစ္စသွားတာ။ ဘာလို့ဆိုတော့ အခုဖိတ်ခေါ်တဲ့ထဲမှာ နိုင်ငံရေးလုပ်မယ့် သူတွေ တခြား Incentive ပေးတာပေါ့၊ မျှော်လင့်ချက် ပေးတာပေါ့နော်။ ဘာကို ကျနော်တို့ လုပ်ပါမယ်ဆိုတဲ့ ကတိကဝတ်တွေ မပါဘူးလေ။ နိုင်ငံရေး ကတိကဝတ်တွေ မပါသေးဘူး။ ကျနော် ထင်တာတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ အရဆိုရင် စကားပြော‌ရင်းနဲ့မှ ညှိနှိုင်းရင်းနဲ့မှ ဘာကို ကတိကဝတ် ပြုကြမယ်ဆိုတာ ထွက်လာမှာ။ အဲဒါမှ နိုင်ငံရေး Process ကို ရောက်လာမှာ။ အဲဒီရောက်တဲ့အခါကျမှ လွှတ်တော်ကို ဟိုဟာကနေ သွားမယ်ထင် တယ်။ ပုံစံက အဲ့ဒီ အတိုင်းသွားမယ်။ ဘာလို့ဆို သူတို့ အခုလုပ်တဲ့ပုံစံကတော့ လွှတ်တော်ကို နောက်မှဆိုတဲ့ဟာ ပါတယ်။ သူတို့အရင် ဆောင်ရွက်အုံးမယ် လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း အရင် ဆောင်ရွက်အုံးမယ်ဆိုတဲ့ ရည်မှန်းချက် ရှိပုံပေါ်တယ်။ ကျနော်ကတော့ အဲ့ဒီလိုပဲ မြင်ပါတယ်။ အားသာချက်ကတော့ အလုပ်ကတော့ မြန်မြန်ပြီးမယ်ပေါ့နော် Policy ချိန်းပြီး လုပ်နိုင်ရင်တော့ မြန်မြန်ရွှေ့နိုင်မယ်ပေါ့။ အားနည်းချက်ကတော့ လူထု ကိုယ်စားပြုမှုက နည်းနေတယ်။ အခြေခံဥပဒေ ပြဿနာဆိုတာ လူထုရဲ့ (Backup) ပါတယ်၊ (Mandate) ပါတယ်။ (Political dialogue) က ပိုပြီးတော့မှ (Representative) ဖြစ်တယ်ပေါ့နော်။ ကိုယ်စားပြုမှု ပိုကောင်းတယ်။ အဲဒါ လေးတော့ ကျန်နေတယ်။ အားနည်းချက်က အဲဒါပေါ့ လွှတ်တော် မပါတဲ့အတွက်ကြောင့်မို့လို့။ ဒါပေမယ့် နောက်ပိုင်း ရှေ့ဆက်ပြီး ပါလာလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။ အဲဒီလိုပဲ ဖြစ်လာမယ်လို့ ယူဆပါ တယ်” ဟု ပြောသည်။  

NSPNC သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး‌နွေးမှု လုပ်ငန်းများကို တာဝန်ယူ‌ဆောင်ရွက်ရသော ကော်မတီ ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPCC)မှ ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရခြင်း ဖြစ်သည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သော UPCC နှင့် NLD အစိုးရလက်ထက် NRPC တို့တွင် လွှတ်တော်အခန်းကဏ္ဍ ပါဝင်ခဲ့သည်။

ထို့နောက် ၂၀၂၁ -၂၀၂၅ ခုနှစ်အထိ တပ်မတော်က နိုင်ငံတော်အာဏာ ရယူထားသည့် ကာလ NSPCC ဖွဲ့စည်းရာ တွင် လွှတ်တော် မရှိသည့် အချိန်ကာလဖြစ်၍ မပါဝင်နိုင်ခဲ့ပေ။ သို့သော် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် NSPCC ကို ပြန်လည်ဖွဲ့စည်းရာမှာ လွှတ်တော်ရှိနေသော်လည်း ပါဝင်ခဲ့ ခြင်းမရှိပေ။

လက်ရှိတွင် NSPNC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်လျက်ရှိသည်။

ကာ/လုံ အစည်းအဝေးမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဆွေးနွေးနေစဉ်

လက်ရှိ ပြန်လည်ဖွဲ့စည်းမှုသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကဲ့သို့ မဟုတ်ဘဲ ပုံစံအသစ် စုဖွဲ့မှုကို မြင်တွေ့ရကြောင်း၊ ဝန်ကြီးဌာန စုံလင်စွာ ပါရှိခြင်းကြောင့် တင်ပြချက်များကို အချိန်တို အတွင်း အကောင်အထည်ဖော်နိုင်သည့် အားသာချက်ကို မြင်တွေ့ရသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ပုံစံတစ်မျိုးနဲ့ သွားမှာလား။ အကောင်းဆုံး ဖြစ်အောင်တော့ သူတို့ စီစဉ်ထားတာလားဆိုတဲ့ဥစ္စာ တစ်ချက် ရှိတာပေါ့နော်။ ဒါ UPDJC သည် (NCA) စာချုပ်အရပေါ်လာတဲ့ (UPDJC) ပုံစံမျိုး မဟုတ်ဘဲနဲ့ အခုအသစ်တစ်ဖန် ပြန်ပြီးမှ ဆန်းသစ်မှာလားဆိုတဲ့ ဥစ္စာကတော့ သူတို့ပဲ သိမှာပေါ့။ ဒါပေမယ့်လည်း အခုဖွဲ့စည်းတဲ့ အဖွဲ့အတွင်းမှာ လွှတ်တော်ကလူတွေ ပါမလာဘူး။ အစိုးရနဲ့ တပ်မတော်နဲ့ပဲ ပါလာတယ်ဆိုတဲ့ အကြောင်းကို တွေ့ရတယ်ပေါ့လေ။ အခုက အစိုးရက ဝန်ကြီးဌာန တော်တော်များများလည်း ပါလာတဲ့အခါကျတော့ ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ လုပ်ကြပြီဆိုရင်တော့ ဆုံးဖြတ်ချက်တော့ မြန်မြန်ဆန်ဆန် ချနိုင်မှာပါ အခုဖွဲ့စည်းပုံအရ ဆိုရင်တော့လေ။ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ချနိုင်မယ်။ အထက်ကို မြန်မြန်ဆန်ဆန် တင်နိုင်မယ်ပေါ့။ ၂၀၂၁ နောက်ပိုင်းဖွဲ့တဲ့ ပုံစံအတိုင်း ဖွဲ့လာတယ်လို့ ကျနော်တော့ မြင်တယ်။ ဦးသိန်းစိန် လက်ထက်တုန်းက ဖွဲ့တာရယ်၊ NLD လက်ထက် တုန်းက ဖွဲ့တာရယ်နဲ့ ပုံစံမတူပဲနဲ့ ၂၀၂၁ နောက်ပိုင်းပေါ့။ (UPDJC) ပုံစံမျိုး မဟုတ်ဘဲနဲ့ ပုံစံအသစ်နဲ့ သွားတယ်လို့ မြင်တယ်။ အားသာချက်ကတော့ ဝန်ကြီးဌာနတွေ စုံတဲ့ အခါကျတော့ တင်ပြချက်တွေကို ချက်ချင်း အကောင် အထည် ဖော်နိုင်မယ်လို့တော့ မြင်တယ်။ အကောင်အထည် ဖော်တဲ့အခါ မြန်ဆန်မယ်လို့တော့ မြင်တယ်။ အားနည်းချက်ကတော့ လွှတ်တော်တွေ မပါဘူးဆိုတဲ့အခါကတော့ လွှတ်တော်တင်ပြဖို့ ကိစ္စတွေကြုံလာခဲ့ရင် တစ်ဆင့်ပြီးတစ်ဆင့် ပြောရမယ် ဆိုတဲ့အခါကျတော့ တိုက်ရိုက် မဟုတ်တဲ့ အခါကျတော့ အဲဒါတွေတော့ အားနည်းချက် တွေ့လိမ့်မယ်လို့တော့ ကျနော်မြင်တယ်” ဟု ပြောသည်။ 

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံ‌ရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။ 

NSPCC,NSPWC,NSPNC ကို ပြန်လည်ဖွဲ့စည်းရာတွင် လွှတ်တော်ကဏ္ဍ မပါဝင်သည့်အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် များစွာ အခက်အခဲ ဖြစ်လာနိုင်ကြောင်း၊ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်း အကျင်း ကြည့်မည်ဆိုလျှင် တပ်မတော်၏ လွှမ်းမိုးမှု၊ ပါဝင်မှုသည် ဆက်ရှိနေအုံးမည့်သဘော မြင်တွေ့ရသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။