CNI International News

ဟနွိုင်း၊ ဧပြီ ၂၄

ဗီယက်နမ်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နျူကလီးယား စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံအထိ ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ဗီယက်နမ်သို့ ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) သည် ဟနွိုင်း (Hanoi) မြို့တော်တွင် ဗီယက်နမ် ထိပ်သီးခေါင်းဆောင် တိုလမ် (To Lam) နှင့် တွေ့ဆုံခဲ့ပြီး စွမ်းအင်၊ နည်းပညာ နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နားလည်မှု စာချွန်လွှာ ၁၂ ခုကို လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။

၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ နောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်စလုံးက နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို လေ့လာရန် သဘောတူညီခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ဗီယက်နမ်နှင့် ပူးပေါင်းခဲ့သည့် နျူကလီးယားစွမ်းအင် စီမံကိန်းမှ နုတ်ထွက်သွားပြီးနောက် ဗီယက်နမ်သည် ၂၀၃၅ ခုနှစ်တွင် ၂ ဂစ်ဂါဝပ်မှ ၃ ဒသမ ၂ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် မိတ်ဖက်နိုင်ငံအသစ်ကို ရှာဖွေနေခြင်းဖြစ်သည်။

တောင်ကိုရီးယားနဲ့ ဗီယက်နမ် နျူစွမ်းအင် ပူးပေါင်းရေး သဘောတူလက်မှတ်ထိုးကြစဉ်

အရှေ့တောင်အာရှ၏ စီးပွားရေး အလျင်မြန်ဆုံး တိုးတက်နေသော ဗီယက်နမ်သည် ၎င်း၏ စက်မှုကဏ္ဍ ချဲ့ထွင် လာသည်နှင့်အမျှ တိုးမြင့်လာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်။

တောင်ကိုရီးယားသည် ဗီယက်နမ်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းစုများသည် ဗီယက်နမ်တွင် အကြီးစား ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

“ဗီယက်နမ် စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တောင်ကိုရီးယားရဲ့ ထုတ်လုပ်မှု၊ ထောက်ပံ့မှုနဲ့ ဖြန့်ဖြူးမှု ကွင်းဆက် တွေမှာ ပါဝင်လာနိုင်ဖို့ ကူညီပေးသွားမှာဖြစ်ပြီး ဒါဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ် ဖြစ်ထွန်းလာဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်”ဟု တိုလမ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတနဲ့ ဗီယက်နမ်သမ္မတကို တွေ့ရစဉ်

အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီးနောက် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ကြီးနှင့်အတူ ဗီယက်နမ်သို့ ရောက်ရှိလာ သည့် သမ္မတလီကလည်း စွမ်းအင်လုံခြုံရေးနှင့် ထောက်ပံ့မှုကွင်းဆက် တည်ငြိမ်စေရန်အတွက် ဗီယက်နမ်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လီနှင့် တိုလမ်တို့သည် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၅ ဘီလျံ ရှိခဲ့သည့် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးကို ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၁၅၀ ဘီလျံအထိ မြှင့်တင်ရန် ရည်မှန်းချက်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်သည် ၎င်း၏ ပို့ကုန်အများစုကို အမေရိကန်သို့ တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများအပေါ် မှီခိုနေရမှုကို လျှော့ချရန် အမေရိကန်၏ ဖိအားပေးခြင်းကို ခံနေရသည်။

အမေရိကန်၏ အခွန်စည်းကြပ်မှုများကို ရှောင်လွှဲရန် တရုတ်ကုန်စည်များကို ဗီယက်နမ်မှတဆင့် လမ်းကြောင်းလွှဲ တင်ပို့နေခြင်း ရှိ၊ မရှိကိုလည်း အမေရိကန်က မကြာသေးမီလများအတွင်း အထူးကြပ်မတ် စစ်ဆေးလျက်ရှိသည်။

Source: Nikkei Asia