CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အပြည့်အဝ ပြန်လည်အကောင်အထည်ဖော်ဆောင်ပြီး ကင်းကွာနေသော အာဆီယံကို တက်လှမ်း မည်ဆိုပါက ဖြစ်လာနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန် အပါအဝင် အချက် ၅ ချက်ကို ဖော်ဆောင်ရန် တောင်းဆို ထားသည်။
အဆိုပါ အချက်များကို အစိုးရနှင့်တပ်မတော်က ဖော်ဆောင်မှု မရှိခြင်းကြောင့်ဟုဆိုကာ အာဆီယံ ထိပ်သီး အစည်းအဝေးများတွင် မြန်မာကို မဖိတ်ကြားဘဲ ကိုယ်စားလှယ်အလွတ်ထား၍ ၂၀၂၁-၂၀၂၅ ခုနှစ်အထိ ကျင်းပခဲ့ ကြသည်။
အစိုးရသစ်သည် NCA ကို အပြည့်အဝ ဖော်ဆောင်ပါက အာဆီယံမှ တောင်းဆိုသည့် အချက်များကို အကောင် အထည် ဖော်ဆောင်ပြီးသား ဖြစ်သွားမည်ဖြစ်၍ အာဆီယံ အစည်းအဝေးများသို့ ပြန်လည် တက်လှမ်းလာနိုင်မည် ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အာဆီယံကတော့ အာဆီယံမူ ၅ ချက် ရှိနေတာပဲ။ အဲဒီ ၅ ချက်ကို လိုက်ပါ လုပ်ဆောင်နိုင်ရင်တော့ အာဆီယံလမ်းကြောင်း ပြန်တည့်မှာပေါ့။ အဲဒါကို သူလုပ်ဆောင်နိုင် မနိုင်ပေါ့။ အခုလက်ရှိပေါ့ ဒီအာဆီယံမူ ၅ ချက်ကို လုပ်ဆောင်နိုင်တယ်လို့ ပြောတာတော့ မကြားသေးဘူး။ အာဆီယံနဲ့ ပြန်လည်သင့်မြတ်အောင်တော့ လုပ်မယ်ဆိုတာတော့ ပြောတယ်။ ၅ ချက်ကို ထည့်မပြောသေးဘူး။ ထည့်မပြောသေးတဲ့အတွက် မမြင်ရသေးဘူး ကျနော်တို့ ဘာမှ၊ နောက်တစ်ခုက အာဆီယံ ၅ ချက်ထဲမှာ ပါတာက အာလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး ပွဲလို့ ပြောတာပေါ့။ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုတာက NCA စာချုပ်မှာလည်းပါတယ်။ ဒါကြောင့် NCA ကို အကောင်အထည်ဖော်ရင် အာဆီယံ ၅ ချက်ကို အကောင်အထည်ဖော်တာနဲ့ တစ်ထပ်ထဲ ဖြစ်သွားနိုင်ပါတယ်။ NCA နဲ့ တစ်ထပ်ထဲ ဖြစ်နိုင်မယ့်ဟာ အချက် ၂ ခုရှိပါတယ်။ တစ်ခုကတော့ အားလုံးပါဝင် သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ၊ နောက်တစ်ခုကတော့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး အာဆီယံ မှာ ပါတယ်။ ကျနော်တို့ NCA မှာလည်း ပါတယ်။ အဲဒီနှစ်ခုကို ပေါ်ပေါ်တင်တင်နဲ့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရ လာမယ်ဆိုရင် အာဆီယံကို အကောင်အထည် ဖော်ပြီးသားလည်း ဖြစ်တယ်၊ NCA ကိုလည်း အကောင်အထည် ဖော်ပြီးသား ဖြစ်တယ်။ အဲဒီလို သွားမယ်ဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့လေ။ ဒီရက်ပေါင်း ၁၀၀ အတွင်းမှာ အကောင်အထည် ဖော်လာနိုင်ပါတယ် ဒီနိုင်ငံက”ဟု ပြောသည်။

အာဆီယံ အစည်းအဝေးမှာ လွှတ်နေတဲ့ မြန်မာကိုယ်စားလှယ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ပေါ်ပေါက်လာသော်လည်း သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ပြမှ မြန်မာကို အာဆီယံက ပြန်လည် လက်ခံလာနိုင်ခြေရှိသည်ဟု နိုင်ငံရေးလေ့လာသုံး သပ်သူများက ထောက်ပြကြသည်။
NCA စာချုပ်သည် အခန်း(၇)ခန်း၊ အပိုဒ်ခွဲပေါင်း ၃၃ ပိုဒ် ပါဝင်သည်။
ထိုစာချုပ်သည် မြန်မာနိုင်ငံတွင် ပြင်ဆင်ရန် မလွယ်တော့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင် သည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်နေသလို ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရေး အတွက်လည်း ဆွေးနွေး အဖြေရှာနိုင်သည့် စာချုပ်ဖြစ်သည်။
အာဆီယံသည် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေးဆိုင်ရာ ကောင်းမြတ်သော အစဉ်အလာ များဖြင့် နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်အောင် တည်မြဲခဲ့ပြီး ကမ္ဘာအဖွဲ့အစည်းများ၏ လေးစားမှုကို ရရှိခဲ့သော အဖွဲ့အစည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် NCA ကို ကောင်းကောင်း ဖော်ဆောင်နိုင်သောကြောင့် အာဆီယံနှင့် ပြန်ချိတ်ဆက်သည်ဆိုခြင်း မျိုးကတော့ ဆင့်ပွား အကျိုးကျေးဇူးပဲ ဖြစ်လိမ့်မည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်း ထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းအောင်လှိုင် NCA လက်မှတ်ထိုးနေစဉ်
၎င်းက “မြန်မာနိုင်ငံအနေနှင့် ဒီ Five-Point Consensus ထွက်လာကတည်းက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ နဲ့ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ ကိစ္စရပ်တွေ လုပ်သွားမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ လုပ်သွားမယ့် ကိစ္စရပ်တွေက အရင်တုန်းက လုပ်ပြီးသား ကိစ္စရပ်တွေနဲ့ ချိတ်ဆက်တာတွေရှိမယ်၊ သဘောသဘာဝ တူတာတွေရှိမယ်၊ ပူးပေါင်း ဆောင်ရွက်လို့ ရတာလေးတွေရှိမယ်။ အဲဒါတွေ လုပ်သွားရင်တော့ တစ်ဖက်က ဒါနဲ့ပတ်သက်ပြီးတော့ ကျေနပ် တယ်၊ သဘောကျတယ်ဆိုရင်တော့ Join တာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ အဓိက အရေးကြီးဆုံး တစ်ချက် သိထားရမှာက မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်တယ်။ ကိုယ့်ရဲ့နိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်တဲ့၊ ကိုက်ညီတဲ့၊ လှုပ်ရှားမှုမျိုး၊ ဆောင်ရွက်မှုမျိုး၊ မူဝါဒလမ်းစဥ် ဒါမျိုးတွေနဲ့သွားရမှာ အာဆီယံကို သဘောကျဖို့၊ အာဆီယံမှာပြန်ပြီးတော့ Join နိုင်ဖို့၊ အာဆီယံ စိတ်ကြိုက်သဘောကျ အကုန်လုံး လိုက်လုပ်ပေးရ မယ်ဆိုတဲ့ သဘောကိုတော့ မသက်ရောက်ဘူး။ NCA ကို ကောင်းကောင်း ဖော်ဆောင်နိုင်လို့ အာဆီယံနဲ့ ပြန်ချိတ် ဆက်တယ် ဆိုတာမျိုးကတော့ ဒါဆင့်ပွား အကျိုးကျေးဇူးပဲ ဖြစ်ပါလိမ့်မယ်။ သို့သော် အာဆီယံနဲ့ချိတ်ဆက်နိုင်ဖို့ အတွက် NCA ကို အတင်းကြီး မဖြစ်မနေ အကောင်အထည်ဖော်တာမျိုး ဖြစ်မလားဆိုတဲ့ အတွေးမျိုးတွေးရင် လည်း ဒါကတော့ မဖြစ်နိုင်ဘူးလို့ ပြောရလိမ့်မယ်။ ဒါသည် NCA ကို အဓိကကြည့်ရမှာ။ NCA ကို အကောင် အထည် ဖော်နိုင်ပြီ၊ အဆင်ပြေပြေလည်း ဖြစ်သွားပြီ၊ အားလုံး ငြိမ်းချမ်းသွားပြီဆိုတာနဲ့ ကျန်တဲ့ကိစ္စတွေက သိပ် အထွေအထူး မရှိပါဘူး”ဟု ပြောသည်။
NCA ဆိုသည်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ခေါ်ဆိုခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေးရရှိရန် ချုပ်ဆိုထားသော ကတိ ကဝတ်နှင့် နိုင်ငံရေး သဘောတူ စာချုပ်ဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
