CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် အားလုံးပါဝင်နိုင်ရေးဆိုခြင်းသည် အပြောလွယ်သော်လည်း လက်တွေ့၌ လုပ်ရခက်ခဲသည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ‌ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး အခန်းကဏ္ဍ လည်း ပါရှိသည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် အပါအဝင် NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ NCA ထိုးထားပြီး ၂၀၂၁- ၂၀၂၅ အတွင်း တွေ့ဆုံဆွေးနွေးမှု မလုပ်ရသေးသည့် KNU၊ CNF၊ ABSDF တို့အနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားကာ ငြိမ်းချမ်းရေးဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖိတ်‌ခေါ်ခဲ့သည်။ 

ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးခြင်း ကိစ္စရပ်တွင် အားလုံးပါဝင်နိုင်ရေးသည် ပြောရလွယ်သော်လည်း လက်တွေ့ ဖော်ဆောင်မှုအပိုင်း၌ များစွာခက်ခဲသည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒါကတော့ လက်တွေ့လုပ်မှ သိရမှာဗျ။ နောက်ပြီးတော့ ခွဲတာတော့ ခွဲရမှာဗျ။ ဖြစ်စဉ်ချင်း မတူဘူး။ ဖြစ်ပေါ်ပုံချင်း မတူဘူး။ ဖြစ်စဉ်မတူဘူး။ နှစ် (၇၀)တိုက်နေတဲ့ KNU အဖွဲ့မျိုး၊ ၄-၅ နှစ် တိုက်နေတဲ့ PDF အဖွဲ့မျိုး တန်းတူတော့ မရဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ တိုက်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ပါတယ်ဆိုတဲ့ အဖွဲ့တွေမှာလည်း တိုင်းရင်းသားအဖွဲ့တွေမှာ သူတို့လည်း သူတို့ Legitimacy ဆိုတာရှိတာပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားပြုတဲ့ နယ်မြေရှိတယ်။ ကိုယ်စားပြုတဲ့ လူထုရှိတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းရှိတယ်။ လက်နက်ကိုင်တပ်ရှိတယ်။ မူဝါဒ လမ်းစဉ်ရှိတယ်။ အဲဒီအချက်တွေ ပြည့်စုံနေတဲ့ အဖွဲ့တွေကတော့ ဂုဏ်သိက္ခာရှိစွာနဲ့ တွေ့ဆုံဆွေးနွေးဖို့ တန်းတူညီတူ ဆွေးနွေးဖို့ ဖိတ်ကြားမှာပဲဗျ၊ ဖိတ်ခေါ်မှာပဲ။ ဒါကတော့ အဲဒီ အခြေခံ အပေါ်မှာပေါ့‌ဗျာ။ ဒီ ၄-၅ နှစ်အတွင်း ပေါ်ပေါက် လာတဲ့ အဖွဲ့တွေကျတော့ ခုနက ပေတံနဲ့တိုင်းရင် တစ်ခုမဟုတ် တစ်ခုလိုနေတဲ့ သဘောတော့ ရှိတာပေါ့ ဗျာ။ အဲဒါကြောင့် အားလုံးပါဝင်ရေးဆိုတာ အပြောလွယ်တယ်၊ အလုပ်ခက်တယ်။ ဒါကြောင့် ၈၀ ရာခိုင်နှုန်း ပါဝင်ရင် တော်တော်‌လုံလောက်ပြီဗျ။ ဒါကြောင့် ၈၀ ရာခိုင်နှုန်းရအောင်တော့ လက်ရှိ အုပ်ချုပ်တဲ့လူက ကြိုးစားရမှာပေါ့ဗျာ”ဟု ပြောသည်။

NCA နှစ်ပတ်လည် အခမ်းအနားမှာ ငြိမ်းချမ်းရေးဖြစ်စဉ် မှတ်တမ်းကို ပြသထားစဉ်

ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)တို့ အကျုံး ဝင်/ မဝင်မှာ အငြင်းပွားစရာများ ဖြစ်နေသည်။

ယခင် ဦးသိန်းစိန် လက်ထက်က နာဂအဖွဲ့ NSCN ပါဝင်ခဲ့ဖူးကြောင်း၊ သို့သော် နာဂက ဖက်ဒရယ်ကို လက်မခံခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ‌CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ တစ်ခါ ကျနော်တို့ ပါဖူးတယ်။ နာဂအဖွဲ့ ပါဝင်ဆွေးနွေးဖူးတယ်။ ဒါပေမယ့် နာဂက ဖက်ဒရယ် ကို လက်မခံဘူး။ ကျနော်တို့ တိုင်းပြည်ကို ဖက်ဒရယ်ပုံစံသွားမှာ နာဂက လက်မခံဘူး။ နာဂက ကျနော် တို့ အိန္ဒိယနာဂ၊ ဗမာနာဂ ပေါင်းပြီးတော့ လွတ်လပ်တဲ့ နာဂနိုင်ငံတော် ထူထောင်ဖို့ အဲဒီပေါ်လစီနဲ့ ဖက်ဒရယ် ပေါ်လစီကို မဝင်လာဘူး။ ဒါကြောင့်NCA ဆွေးနွေးတုန်းက နာဂပါတယ်။ ဒါပေမယ့် အဲဒီမှာ  က ကျနော်တို့က ဖက်ဒရယ်စနစ်ကိုပြောတော့ ဆွေးနွေးပွဲ မဝင်ဘဲနဲ့ထွက်သွားတယ်။ လက်မှတ်ထိုးတဲ့ အထဲလည်းမပါဘူး။ ဒါကြောင့် နောက်ခံ Background၊ မူဝါဒ၊ နိုင်ငံရေး ရည်မှန်းချက် မတူရင်တော့ အားလုံးက ပါမှာမဟုတ်ဘူးဗျ ဘယ်လောက်ပဲခေါ်ခေါ်။ ဒါကြောင့် အားလုံးပါဝင်ရေးလို့ အဲဒီလိုပြော တာက မူအရသာပြောတာ။ လက်တွေ့ ၇၅ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းပါရင် အလုပ်ဖြစ်ပြီဗျ။ ကျနော် အဲဒီလို တွက်ပါတယ်”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိက အားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်း မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ် တစ်ရပ် အောင်မြင်ရန် မလွယ်ကူကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။

NCA ထိုးထားတဲ့ လက်နက်ကိုင်တွေနဲ့ NSPNC တွေ့ဆုံဆွေးနွေးစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးခရီးစဥ်သည် များစွာ အလှမ်းဝေးသေးကြောင်း၊  အနည်းဆုံး (၇) နှစ်လောက် ကြာမှသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြတ်နိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။ 

၎င်းက “ငြိမ်းချမ်းရေးကတော့ အဝေးကြီး လိုသေးတယ်ဗျ။ ငြိမ်းချမ်းရေးရဲ့ သဘောသဘာဝက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ၊ နိုင်ငံရေး သဘောတူညီချက်တွေရမှ ငြိမ်းချမ်းတယ်လို့ခေါ်တာကို။ အဲဒီ ငြိမ်းချမ်းရေး ကို မပြောခင်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမလား စောင့်ကြည့်ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ဖို့ ဆိုတာလည်း ပဏာမ အနေနဲ့ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရေး အဲဒီကစရတယ်။ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတာက စရတယ်။ ယုံကြည်မှုရတာနဲ့ ပဋိပက္ခတွေ လျှော့ရမယ်၊ ရန်လိုမှုတွေ လျှော့ရမယ်၊ အဆင့်ဆင့်သွားရမယ်။ ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကို တက်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲ တကယ့်တကယ် ပုံစံကျပြီ အနာဂတ် တိုင်းပြည်အတွက် ထူထောင်နိုင်ပြီ Policy တွေ မူတွေ လည်း သဘောတူပြီ။ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ သဘောတူတယ်။ တရုတ်ကလည်း အာမခံတယ်၊ အိန္ဒိယကလည်း အာမခံတဲ့ သဘောတူချက်ကို နောက်ပြီးတော့ အာဆီယံ တိုင်းပြည်တွေကလည်း သဘောတူချက်ကို ကောင်းတယ်ဆိုပြီးတော့ ဝိုင်းဝန်း အာမခံချက်တွေ ရှိလာရင်တော့ အဲဒီသဘောတူညီ ချက်အပေါ်မှာ ငြိမ်းချမ်းသွားတာက ပိုပြီးတော့ သေချာတဲ့ ငြိမ်းချမ်းရေး ဖြစ်တာပေါ့။ ဒါကြောင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အကြာကြီး သွားရမယ်။ တစ်နှစ်၊ နှစ်နှစ်နဲ့ မရဘူး။ ရက် ၁၀၀ ကတော့ အစပဲရမယ်။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်တော့ မရဘူး။ ပဋိပက္ခက နှစ် ၇၀ ရှိတယ်။ နှစ် ၇၀ ကို ဆယ်နှစ်တစ်နှစ်တွက်ရင် အနည်းဆုံး ၇ နှစ်မှ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲက ပြတ်နိုင်တယ်” ဟု ပြောသည်။

အားလုံးပါဝင်သည့် ငြိမ်းချမ်းရေး လက်ခံ ဆွေးနွေးရာတွင် ကြိုတင် သတ်မှတ်ထားသည့် စည်းကမ်းချက် များအား မထားလျှင် ကောင်းမွန်မည်ဖြစ်ကြောင်း၊ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်း စဥ်များ ဆောင်ရွက်ခဲ့သည့် အချိန်ထက် လက်ရှိအစိုးရသည် စိန်ခေါ်မှု ပိုများနိုင်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။