CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉

တိုင်းရင်းသားများ ပြည်ထောင်စုထဲမှ ခွဲမထွက်ချင်အောင် ဗဟိုအစိုးရ (သို့မဟုတ်) ပြည်ထောင်စုအစိုးရမှ အခွင့်အရေးများ ပေးရန်လိုကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အကုန်လုံးက မြန်မာပြည်က ခွဲထွက်ဖို့ လက်နက်ကိုင်နေကြတာ မဟုတ်ဘူး။ သူတို့က သူတို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ မရ ဘူး။ ဒီကြောင့် လက်နက်ကိုင်ပြီး တောင်းဆိုမှ ရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာ ကြတာ။ နောက်ပိုင်းမှာတော့ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး၊ တစ်ကိုယ်ရည် ကိုယ်ကျိုး အသုံးချမှု တွေကြောင့်သာ သူတို့ တိုင်းရင်းသားတွေအတွက် မူလရည်မှန်းချက်ကို သူတို့ ရောက်အောင် မလုပ်နိုင်တာလို့ ကျနော်တို့ မြင် တယ်။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက တိုင်းရင်းသား အကုန်လုံးကို ကိုယ်စားပြုတဲ့ အသံ ထွက်မလာဘူးပေါ့။ အဲဒီတော့ ကျနော်တို့ ဖြစ်စေချင်တာ မြန်မာပြည်သည် လက်ရှိ မြေပုံထဲက ဘယ် တိုင်းရင်း သားမှ ခွဲမထွက်ဖို့ လိုအပ်မယ်။ ဒါမှပဲ ပြည်ထောင်စုဆိုတာကြီးက တည်မြဲမယ်ပေါ့။ နောက်တစ်ချက်ကတော့ သူတို့ ခွဲမထွက်ချင်အောင်လည်း ဗဟိုအစိုးရကပဲဖြစ်ဖြစ် ပြည်ထောင်စုအစိုးရကပဲဖြစ်ဖြစ် အခွင့်အရေးတွေ ပေးဖို့လည်း လိုလိမ့်မယ်။ ဒါကိုလည်း တကယ့်ကို နည်းလမ်းတကျ တောင်းဆိုတဲ့စနစ်ကို ရောက်သွားစေချင် တယ်။ ဒါကလည်း ပြောရရင်တော့ လက်နက်ကိုင်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းက တောင်းဆိုတာက ရေရှည်အတွက် ပိုကောင်းတယ်ပေါ့” ဟု ပြောသည်။

နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ချိန်တွင် အဓိက အကြီးမားဆုံး စိန်ခေါ်မှုမှာ ပြည်နယ်များမှ ခွဲထွက်နိုင်ရေး အတွက် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် ယခင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က ပြောကြားခဲ့ဖူးသည်။

လက်နက်ကိုင် ခေါင်းဆောင်များနဲ့ ဦးမင်းအောင်လှိုင် တပ်ချုပ်တာဝန်ယူထားတုန်းက တွေ့ကြစဉ်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်ထက် ကျော်လွန်သည့် ကွန်ဖက်ဒရေးရှင်း (ကွန်ဖက်ဒရိတ်) အဆင့်များ ရရှိရေးနှင့် မြန်မာပြည်ပြိုကွဲပါက နိုင်ငံထူထောင်နိုင်ရေး အဆင်သင့် ပြင်ထားရန် ထုတ်ဖော် ပြောကြားမှုများ ရှိနေသည်။

၁၉၄၇ ပင်လုံစာချုပ်အရ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် (၁၀) နှစ်ပြည့်လျှင် ခွဲထွက်ခွင့် ရှိသည်ဆို သည့်အချက် ပါဝင်ခဲ့ဖူးသော်လည်း လက်တွေ့ မဖြစ်လာခဲ့ဘဲ ပဋိပက္ခများ၏ အစပြုရာ ဖြစ်ခဲ့သည်။

တိုင်းရင်းသားများဘက်က ခွဲမထွက်ရေးကို လက်မှတ်ထိုးရန် ဝန်လေးရသည့် အဓိက အကြောင်းအရင်းမှာ ဗဟိုအစိုးရ (သို့မဟုတ်) တပ်မတော်ဘက်မှ ၎င်းတို့ တောင်းဆိုသည့် စစ်မှန်သော် ဖက်ဒရယ်ဒီမိုကရေစီကို  အာမခံချက် ပေး၊ မပေးအပေါ် ယုံကြည်မှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် အထူးဒေသ ရရှိထားသည့် “ဝ” နှင့် “မိုင်းလား” တို့သည် နိုင်ငံတော်မှ ခွဲမထွက်ကြောင်း ထုတ်ဖော် ပြောကြားလေ့ရှိသည်။

တရုတ်အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ရရှိထားသည့် “ဝ” ဒေသကို မြန်မာနိုင်ငံထဲမှ ခွဲထွက်ခွင့် ပြုလိုက်မည်ဆိုပါက ၎င်း၏ သိက္ခာကျသွားမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာ အမ်ကောန်လက CNI သတင်းဌာနသို့ ပြောသည်။

တိဘက်နှင့် ရှင်ဂျန်းတို့တွင်လည်း အလားတူ ပြဿနာ ဖြစ်လာနိုင်သည်ကို တရုတ်အနေဖြင့် သိရှိထားသည့် အတွက် “ဝ” အား မြန်မာနိုင်ငံမှ ခွဲထွက်ခံမည် မဟုတ်ကြောင်း၊ “ဝ”အနေဖြင့်လည်း ရရှိထားသည့် အခွင့်အလမ်း များမှာ ကျေနပ်စရာ ဖြစ်သောကြောင့် ခွဲထွက်ရန် မလိုကြောင်း ၎င်းက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတက်ရောက်သူများကို တွေ့ရစဉ်

ဒေါက်တာအမ်ကောန်လက “သူက self-autonomy state အနေနဲ့ ပြည့်ပြည့်ဝဝ သူရထားတာ။ ပွင့်ပွင့်လင်းလင်း ပြောရင် ဖက်ဒရယ်ပုံစံတောင် မဟုတ်ဘူး။ ကွန်ဖက်ဒရိတ် ပုံစံတောင် ဖြစ်နေတာ။ ဒါပေမယ့် ကွန်ဖက်ဒရိတ် ပြည့်ပြည့်ဝဝလား ဆိုတော့ မဟုတ်သေးဘူး။ ဥပမာ နိုင်ငံခြားဆက်ဆံရေး ဘာညာ အကုန်လုံးက ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာပဲ ရှိနေသးတယ်။ ငွေကြေးစနစ်တို့ နောက်တစ်ခါ ကျနော်တို့ရဲ့ အုပ်ချုပ်‌ရေး၊ အထူးသဖြင့် ပြည်ထဲရေးရယ်၊ အုပ်ချုပ်ရေးရယ် အဲဒါတွေက မဝင်နိုင်ဘူး။ မဝင်နိုင်တဲ့ အခါကြတော့ သူတို့က တကယ့်ကို self-autonomy state လို ဖြစ်နေတယ်။ နိုင်ငံခြားရေး တစ်ခုပဲ မြန်မာပြည်နဲ့ adapt ဖြစ်နေတာ။ အဲဒီတော့ သူရထား တဲ့ နိုင်ငံရေးစနစ်ကို ကြည့်မယ်ဆိုရင် သူက ကျေနပ်စရာမို့လို့ သူခွဲစရာမလိုဘူး။ ခွဲထွက်လိုက်ရင် သူပြဿနာများ တယ်။ တရုတ်ကလည်း ခွဲထွက်ခံမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ “ဝ” ကသာ အဲဒီလိုလုပ်လို့ရှိရင် သူက လည်း နိုင်ငံတကာမှာ သံတမန်ရေးရာတွေက သိက္ခာကျတယ်။ သူမြှောက်ပေးလို့ လုပ်တယ်ဆိုတဲ့ အမြင်က သူ့ အတွက်က မကောင်းဘူး။ အဲဒီလိုပဲ တိဘက်တို့ ရှင်ဂျန်းတို့မှာလည်း ဒီလိုပြဿနာ ဖြစ်လာနိုင်တယ်။ သူက ဒါကို ကြည့်တာ။ အဲဒီတော့ သူကတော့ လုပ်ခိုင်းမှာ မဟုတ်ဘူး။ တကယ်တော့ “ဝ” ကိုယ်တိုင်ကလည်း လုပ်ခိုင်းခိုင်း၊ မလုပ်ခိုင်းခိုင်း သူလုပ်စရာမလိုဘူး။ သူရရှိထားတဲ့ နိုင်ငံရေး အခွင့်အလမ်းက မြန်မာပြည်ထောင်စုထဲမှာ တခြား မည်သည့် ဒေသနဲ့မှ မတူတဲ့ အခွင့်အလမ်း ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ကြည့်ရ မယ်။ ဒါကြောင့် “ဝ” ကို အားကျလားတို့၊ “ဝ” ပုံစံက ဘယ်လိုလဲ လို့ ကျနော်တို့ သိပ်ပြောစရာမလိုဘူး။ ကျန်တဲ့ လူတွေက ကိုယ့်အနေအထားနဲ့ နိုင်ငံ့အကျိုးစီးပွားရယ်၊ ဒေသ အကျိုးစီးပွားရယ်ကို ချိတ်ဆက်ပြီးတော့မှ နိုင်ငံရေး အကျိုးရလဒ် တစ်ခုကို ကျနော်တို့က တဆင့်ပြီးတဆင့် အကောင်အထည် ဖော်ရမယ်လို့ မြင်ပါတယ်” ဟု ပြော သည်။

တိုင်းရင်းသားများအတွက် ခွဲထွက်စရာ မလိုအောင် ဆွဲဆောင်မှု၊ အာမခံချက်ရှိသည့်  ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်း၊ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများမှတဆင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း၊ တိုင်းရင်းသားများ၏ လုံခြုံရေးကို အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ်တပ်မတော် ပုံစံမျိုးကို ညှိနှိုင်းခြင်း စသည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြေလည်မည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

အလားတူ နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် အသိအမှတ်ပြုရန် တွန့်ဆုတ်နေခြင်းကလည်း စစ်ပွဲများ ကြာရှည်နေနိုင်သည်ကို သတိပြုရန် လိုအပ်သလို တိုင်းရင်းသား လက်နက်ကိုင်များဘက်ကလည်း ဖြစ်သင့်ဖြစ်ထိုက်သည်များကိုသာ တောင်းဆိုကြရန် လိုအပ် ကြောင်း ၎င်းတို့က ထောက်ပြကြသည်။