CNI News

၂၀၂၆ ခုနှစ်၊ မေလ ၇

မြန်မာနိုင်ငံ၏ လက်ရှိကာလတွင် စစ်ရေးသည် တစ်ဘက်တည်း အပြတ်နိုင်သည်မျိုး မရှိနိုင်တော့ကာ နှစ်ဖက် ညှိနှိုင်းပြီး သွားချင်သည့် ဖက်ဒရယ်ပုံစံကို အချိန်ကာလတစ်ခု သတ်မှတ်၍ ဆောင်ရွက်လျှင် မြန်မာပြည် အမြန် အေးချမ်းမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရရင် စစ်ရေးဆိုတာကတော့ အခုကာလ စစ်‌ရေးဆိုတာက တစ်ဆက်တည်း အပြတ်နိုင်တယ်ဆိုတာ ဘယ်‌တော့မှ မရှိနိုင်တော့ဘူး။ အစိုးရတပ်ကလည်း ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ အပြတ်နိုင်မှာ မဟုတ် ဘူး။ ဒီအခြေအနေမျိုးမှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ ဖက်ဒရယ်ဆိုရင်လည်း သူတို့သွားချင်တဲ့ ဖက်ဒရယ်၊ သူတို့ တောင်းဆိုတဲ့ ဖက်ဒရယ် အချက်အလက်တွေကို ကျနော်တို့ ပေးနိုင်မှု ရာခိုင်နှုန်း ဘယ်လောက်၊ ခင်ဗျား ၁၀၀ တောင်းတယ်ဗျာ၊ ကျနော်တို့က စပြီး ၁၀ ပေးမယ်၊ ဟိုဘက်က ၁၀ နဲ့ စပြီးတော့ လက်ခံ၊ အဲဒါမှ ၂၀ တိုးတောင်း မယ်၊ ၃၀ ရအောင်လုပ်မယ်။ နောက်ဆုံးပိတ် ၅၀၊ ၁၀၀ ပြည့်အောင် ဘယ်ကာလအထိ ပြည့်မယ်ဆိုတာမျိုး ကျနော်တို့ Time duration လည်း Frame ချထားပြီးတော့ ဆောင်ရွက်ရင် မြန်မာပြည်က အမြန်အေးချမ်းမှာပါ။ ကျနော်အဲဒီလိုပဲ ယုံကြည်ထားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ၅ နှစ်တာကာလ အခင်းအကျင်းအရ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစုများက ပိုမိုအားကောင်းခဲ့ပြီး နယ်မြေ အများအပြားကို သိမ်းပိုက်ရရှိထားခဲ့သည်။

မြန်မာ့တပ်မတော်က စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ် အစပ် မြို့တွေကို ပြန်လည် ထိန်းချုပ်လိုက်စဉ်

ထိုသို့ စစ်ရေး လှုပ်ရှားမှုများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တက်ကြွစွာဖြင့် ဦးဆောင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် တပ်မတော်နှင့် လက်နက်ကိုင် နှစ်ဖွဲ့စလုံးသည် တစ်ဖက်နှင့် တစ်ဖက် အပြတ်အသတ် အနိုင်ပိုင်းရန် ခက်ခဲနေသည့် စစ်ရေးအရ အကျပ်အတည်း အခြေအနေကို ဦးတည်နေကြောင်းလည်း ၎င်းတို့က သုံးသပ်ကြ သည်။

တစ်ဖက် လက်နက်ကိုင်အဖွဲ့များက နယ်မြေများအား သိမ်းပိုက်နိုင်သကဲ့သို့ တပ်မတော်သည်လည်း မြို့ကြီးများ အား ခံစစ်ဖြင့် ထိန်းထားလျက်ရှိကာ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကိုမူ ပြန်လည် သိမ်းပိုက်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များသည် ၎င်းတို့ ဒေသနှင့် ၎င်းတို့ လူမျိုးတို့ လွတ်မြောက်ပါက ကျေနပ်ပြီဖြစ် ကြောင်း၊ ထိုအခင်းအကျင်းကို နားလည်ထားပါက နိုင်ငံရေးအလားအလာကို တွက်ဆ၍ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

BPLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “တစ်နိုင်ငံလုံး အတိုင်းအတာအရ စစ်တပ်ကို အပြုတ်တိုက်ပြီးတော့ တစ်နိုင်ငံလုံး အာဏာသိမ်းဖို့ ဆိုတာ က ဗမာတွေ အများစုပါဝင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းကြီးပေါ့။ ဥပမာအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့လို၊ နောက်တစ်ခါ ဦးနုရဲ့ ပြည်ပြေးအစိုးရတို့လို၊ အခု NUG တို့လိုပေါ့။ ဒီလို အဖွဲ့ကြီးတွေကသာ တစ်ပြည်လုံးမှာ စစ်တပ် ပြုတ်သွားပြီးတော့ အာဏာသိမ်းဖို့၊ နောက်တစ်ခုက အမျိုးသားစိတ် ဒီမိုကရေစီရှိတဲ့ မြန်မာနိုင်ငံ တည်ထောင်ဖို့ဆိုတဲ့ စိတ်ကူးရှိကြတယ်။ တိုင်းရင်းသားတွေကကြတော့ ရည်ရွယ်ချက်အရ PDF တွေ ဘာတွေ စည်းရုံးဖို့။ တခြားဟာတွေ ဘာတွေနဲ့ ဘက်ပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်တွေ ရှေ့တန်းတင် ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာကြတော့ သူတို့ကို ကျောထောက် နောက်ခံပြုတဲ့ တရုတ်ကလည်း အဲဒါကို အားမပေးဘူး။ သူတို့ကိုယ်တိုင်ကလည်း သူတို့ရဲ့ လူဦးရေ၊ ရေသောက်မြစ် ဘာညာ အကန့်အသတ်ကရှိတော့ သူတို့နယ်မြေကို စိုးမိုးလို့ ရပြီဆိုရင် သူတို့ သိပ် မတက်ကြွတော့ဘူး။ အဲဒီတော့ ဘာတွေဖြစ်လာတုန်း ဇွတ် အတင်း ရှေ့ကနေ ဦးဆောင်ပြီးတော့ ဟိုဟာဖြစ်ရင် ကွဲတာတွေ ပြဲတာတွေ ဖြစ်လာတာပေါ့။ ဥပမာ ဗမာ ကွန်မြူနစ်ပါတီဆိုရင် အဲဒီပြန်ပြီးတော့ ကိုးကန့်တို့၊ “ဝ” တို့က အာဏာသိမ်းတဲ့အချိန်မှာ “ဝ” တွေက ပြောတာ ရှိတယ်။ ဗမာပြည်တစ်ပြည်လုံး လွတ်မြောက်ဖို့ ဘယ်လောက်ကြာမှာတုန်း။ အဲဒီလို ရေရှည်စစ်တိုက်ဖို့အတွက် ငါတို့ “ဝ” တွေ အများကြီး အသက်ပေးရမှာလား။ ဒါလက်တွေ့ကျတဲ့ မေးခွန်း။ အဲဒီတော့ သူတို့က မင်းတို့ မလို တော့ဘူးဆိုပြီး ပြန်အာဏာသိမ်းလိုက်ပြီးတော့ ဗကပတွေကို မောင်းထုတ်လိုက်တာ။ ပြောချင်တာက တိုင်းရင်း သားတွေက ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး လွတ်မြောက်လို့ရရှိရင် ကျေနပ်ပြီ။ ဒီဟာကို နားလည် ထားလို့ရှိရင် နိုင်ငံရေးအလားအလာကိုလည်း တွက်ဆလို့ရတာပေါ့” ဟု ပြောသည်။

ယခုအခြေအနေတွင် စစ်ရေးအရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ရေးထက် နိုင်ငံရေးအရ ဆွေးနွေးမှု သို့မဟုတ် အင်အားကြီးနိုင်ငံများ၏ ကြားဝင်စေ့စပ်မှုများကသာ အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍမှ ပါဝင် လာနိုင်ကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

လက်ရှိမှာတော့ သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အသွင်ကူးပြောင်း‌ရေးအစိုးရက လက်နက်ကိုင်များ အား ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထား၍ ငြိမ်းချမ်းရေး ဆွေးနွေးကြရန် ဖိတ်ခေါ်ထားသည်။