CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု လုပ်မည်ဆိုပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည် အကျိုးစီးပွားခြင်း မတူညီကြသကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေများ၏ အရေးပါပုံလည်း မတူညီကြ၍ တစ်ဖွဲ့ချင်းစီဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးသင့်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ဒီတိုင်းဖိတ်ခေါ်လို့ မရဘူး ကျနော်တို့ရဲ့ အမြင်အရတော့။ ဘယ်လိုလဲဆိုတော့ အကျိုးစီးပွားချင်းလည်း မတူဘူး။ နောက်တစ်ခုက တိုက်ပွဲဖြစ်တဲ့ နယ်မြေဧရိယာနဲ့ အရေးပါပုံတွေ မတူဘူး။ မတူတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်တယ်။ အဲဒီတော့ အားလုံး ပါဝင်သောဆိုတဲ့ဟာက ကျနော်ထင်တယ် bilateral အနေနဲ့ တစ်ခုချင်းစီပဲ သွားဖို့များတယ်။ အရင် NCA လက်မှတ်ထိုးတုန်းက လို အားလုံးပါမယ်တို့၊ ဘယ်နှစ်ဖွဲ့ ပါမယ်တို့ဆိုတာတော့ ဒီအခြေအနေမျိုးမှာတော့ နည်းနည်းခက်မယ် ထင်တယ်။ ခက်မယ်ထင်တော့ တကယ် လက်တွေ့ကျတာကလည်း အကျိုးစီးပွား မတူတဲ့အတွက် ကြောင့်မို့လို့ သီးခြားဆွေးနွေးပြီးတော့မှ dialogue လုပ်ပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စ။ အဲဒီတော့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ နေရာမှာ အဆင့်တွေကတော့ မြောက်များစွာ ရှိနေတယ်။ ဒါပေမယ့် ကျနော့်အမြင်ကတော့ အားလုံး တစ်ပြိုင်နက်တည်း ဖြစ်လာမယ့် အနေအထား မျိုးဆိုတာ အရှေ့မှာ အခင်းအကျင်း အများကြီး ဖြတ်သန်းရဦးမှာ။ အဲဒီအခင်းအကျင်းတွေကို ဘယ်လို ပြင်ဆင် မလဲရယ်၊ အောင်မြင်မယ်၊ မအောင်မြင်ဘူးအပေါ်မှာ မူတည်ပြီးတော့မှ အပြောင်းအလဲတွေ ဖြစ်သွားနိုင် တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်” ဟု ပြောသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများသည် ယခင်ရှိပြီးသား နယ်မြေများထက် ပိုမိုကျော်လွန်ကာ သိမ်းပိုက် ရရှိထားကြသဖြင့် တွေ့ဆုံဆွေးနွေးရေးကို မလွဲမသွေ လုပ်ဆောင်ကြရမည်ဖြစ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များ က သုံးသပ်ကြသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ်
ယခင်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး NCA လက်မှတ် ရေးထိုးနိုင်ခဲ့ကြသလို တစ်ဖွဲ့ချင်း Bilateral များ လည်း ရေးထိုးနိုင်ခဲ့ကြသည်။
အလားတူ NLD အစိုးရ လက်ထက်တွင် NMSP နှင့် LDU တို့ NCA ထိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အရပ်သားအစိုးရ လက်ထက် ၂ ခုစလုံးတွင် ကျင်းပခဲ့ဖူး သော်လည်း အကျိုးသက်ရောက်မှု နည်းပါးခဲ့ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ် မှုများ ရှိနေကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ အတွင်း က နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။
လက်ရှိ ၅ နှစ်နီးပါးကြာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် ဘက်ပေါင်းစုံမှ အသာစီး ရရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေး အဆင့်အတန်းသည် ယခင်ထက် ပိုမိုမြင့်မားသည့် လိုလားချက်၊ တောင်းဆိုချက်များ ရှိလာကြသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံ ကျင်းပနေစဉ်
မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အသီးသီး အားလုံးအနေဖြင့် အပြန်အလှန် ငြင်းခုံနေ ကြခြင်းအစား စကားပြောဆိုမှု နည်းလမ်းကို အသုံးချရန်လိုကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံခြား ငြိမ်းချမ်းရေး ပညာရှင်တွေက ပြောတယ်။ သူတို့က နိုင်ငံတကာကို လှည့်လည်တဲ့ အခါကြတော့ ဗမာပြည်လောက် နိုင်ငံရေးကျွမ်းကျင်၊ နိုင်ငံရေး ဗဟုသုတ ကြွယ်ဝတဲ့နိုင်ငံ သူတို့တစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဖွဲ့တိုင်းအားလုံးက နိုင်ငံရေးပါရဂူတွေ ပြည့်နှက်နေတာပဲတဲ့။ ဒါပေမယ့် သူတို့ ပြဿနာက ဘာလဲဆိုတော့ အချင်းချင်း သဘောတူညီမှု ရရှိအောင် ဆွေးနွေးနိုင်တဲ့အစား သူနိုင်၊ ငါနိုင် စကားရေ လုပွဲ လုပ်တာနဲ့ပဲ အချိန်ကုန်နေတယ်။ စကားရည် လုပွဲ လုပ်ပြီးတော့မှ မနိုင်တဲ့အခါကြတော့ လက်နက်ကိုင် ကြတာပေါ့ဗျာတဲ့။ အဲဒါကြောင့် ကျနော်တို့နိုင်ငံဟာ ဘယ်နည်းနဲ့မဆို debate ဆိုတဲ့ စကားရည်လုပွဲ ပညာမျိုးကို အဓိက မထားဘဲနဲ့ ကျနော်တို့ dialogue ဆိုတဲ့ အမှန်အကန်ကို ပူးပေါင်း ရှာဖွေခြင်းဆိုတဲ့ နည်းလမ်းကို အသုံးချဖို့လိုပါပြီ။ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ပဲပြောပြော ဘယ်သူ ပဲပြောပြော ကျနော်တို့ ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စလုပ်တဲ့အချိန်မှာ နိုင်ငံရေးပြဿနာကို အင်အားနဲ့ မဖြေရှင်းဘဲနဲ့ ဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းခြင်းဆိုတဲ့ ယဉ်ကျေးမှုအသစ် တစ်ရပ်ကို ထူထောင် မယ်ဆိုတာ အခု ဘယ်နှစ်နှစ် ရှိသွားပြီလဲ။ ကျနော်တို့ ၁၅ နှစ်ရှိသွားပြီ။ ဒီ ၁၅ နှစ်မှာ အကောင်အထည် မဖော်နိုင်သေးဘူး။ အကောင်အထည်ဖော်ဖို့ လိုပါပြီလို့ပဲ ကျနော် တိုက်တွန်းပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံသယ ကြီးပြီး ကန့်သတ်ချက်ရှိလျှင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းများ ဖြစ်လာစေရေး ပြည်တွင်း၊ ပြည်ပမှ ငြိမ်းချမ်းရေးအကျိုး တော်ဆောင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း ၎င်းတို့က သုံးသပ်ကြသည်။
