CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁
မြန်မာ့တပ်မတော်နှင့် လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ နိုင်ငံရေး တွေ့ဆုံမှုများ ပြုလုပ်သည့် အခါတွင် “ကိုယ့်အတွက်ပဲ” ဆိုသည့် စိတ်ဓာတ်မျိုး မရှိရန်လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဆိုပါက “သူ့အတွက်၊ ကိုယ့်အတွက်” ဆိုသည့် စိတ်ဓာတ်မျိုး နှစ်ဖက် အင်အားစုတွင် လိုအပ်ကြောင်း၊ ထိုမှသာ တွေ့ဆုံဆွေးနွေးရေး အောင်မြင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မိမိတို့ဘက်မှ ဖြစ်နိုင်သည်ကို လုပ်ပေးမည်ဖြစ်ပြီး တိုင်းရင်းသားနှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဖြစ်နိုင်သည်ကို ပြောကြ၊ လုပ်ကြရန်နှင့် မဖြစ်နိုင်သည်များကို လျှောက်ပြောပြီး လုပ်နေ၍ မရကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပခဲ့စဉ်
တိုင်းရင်းသားများ၏ တောင်းဆိုမှုများ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို တွေ့ဆုံဆွေးနွေးပြီးမှသာ ပြော၍ရမည်ဖြစ် ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရသေးဘဲ ပြော၍မရကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဖြစ်နိုင်တယ်ဆိုတာ၊ မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ပြောလို့ ရပါလိမ့်မယ်။ မတွေ့သေးဘဲနဲ့ ပြောလို့မရဘူးပေါ့။ ကျနော် အဲဒီလိုမြင်ပါတယ်။ တွေ့ပြီဆိုရင် ကျနော်က ၁၀၀ တောင်းတယ်။ ကျနော့်မှာ ခင်ဗျားကို ၁၀၀ ပေးရင် ကျနော့်အတွက် ဘာမှ မကျန်တော့ဘူး။ ကျနော့်အတွက်လည်း စဉ်းစားပေး ပါဦး ဒါမျိုးတွေ ရှိလာမှာပေါ့။ ဒါမျိုးရှိလာရင် ငါတို့ ၅၀-၅၀ ယူမလားဆိုတာမျိုးလည်း လာမှာပေါ့။ ဒါဟာ တွေ့ဆုံ ပြီးတော့မှ ဆုံးဖြတ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဘယ်နည်းနဲ့မဆို ဒီလိုမျိုး တွေ့ဆုံဆွေးနွေးတဲ့ နေရာမှာလည်း ကျနော် တို့မှာ နဂို မသွားခင်ကတည်းက ကျနော်တို့ ပြင်ဆင်ရမယ့် စိတ်ဓာတ်ရှိတယ်။ အဲဒီစိတ်ဓာတ်က ဘာလဲဆိုတော့ ငါ့ဖို့ပဲဆိုတဲ့ဟာမျိုး နှစ်ဖက်စလုံးက မရှိဖို့လိုပါတယ်။ သူ့ဖို့ကိုယ့်ဖို့ စိတ်ဓာတ်နဲ့ သွားဖို့လိုပါတယ်။ တကယ်လို့ သူ့ဖို့ ကိုယ့်ဖို့နဲ့ စိတ်ဓာတ်နဲ့ သွားတယ်ဆိုရင် ဘယ်နည်းနဲ့မဆို ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးက အောင်မြင်မှာပါ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများ၊ NCA အခမ်းအနားများ လုပ်ဆောင်ရာတွင် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့၊ အခြားမိတ်ဖက်များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ နိုင်ငံရေးပါတီများတို့ ဖြင့်သာ မြင်တွေ့ရသည်။
လက်ရှိ မြေပြင်တွင် စစ်ရေးနည်းအရ ဖြေရှင်းနေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် တွေ့ဆုံ မှုများ အားနည်းနေကြောင်း၊ သို့သော် MNDAA နှင့် TNLA တို့ကိုတော့ တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တွေ့ဆုံ မှုများ ရှိကြောင်း၊ KIA နှင့်ကတော့ တွေ့ဆုံဆွေးနွေးမည့် နေရာကို ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

MNDAA-UWSA ခေါင်းဆောင်များကို တွေ့ရစဉ်
ရွေးကောက်ပွဲ အပိုင်း (၁) အား လာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ပြောဆို ထားသော ကြောင့် ရွေးကောက်ပွဲ မတိုင်ခင်တွင် NCA ဆွေးနွေးတုန်းကကဲ့သို့ တစ်ပြည်လုံးအနှံ့ခေါ်ရန် မဖြစ်နိုင်သေး ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲ မတိုင်ခင်မှတော့ ကျနော်မြင်တာကတော့ ဖြစ်နိုင်ရင်တော့ တစ်ဖွဲ့ချင်းလောက်ပဲ ဖြစ်နိုင် မယ်။ NCA တုန်းကလိုပဲ တစ်ခါတည်း တစ်ပြည်လုံးအနှံ့ ဆိုပြီးခေါ်တာမျိုး အဲဒီလိုမျိုးတော့ မဖြစ်နိုင်သေးဘူးပေါ့။ သို့သော်လည်းပဲ ရွေးကောက်ပွဲပြီးလို့ ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရမှာတော့ အဲဒီမှာ ဖြစ်လာပြီဆိုရင် အဲဒီ အချိန်မှာ တစ်ပြည်လုံးအနှံ့ လုပ်နိုင်ဖို့ဆိုတာ ပေါ်လာနိုင်ပါတယ်။ ပေါ်လာပါစေလို့လည်း ကျနော်လည်း ဆုတောင်းပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲလိုက်ပါက ငြိမ်းချမ်းရေးဆောင်ရွက်မှု ပိုအဆင်ပြေနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် သက်ဆိုင်ရာ ခေါင်းဆောင်များ အနေဖြင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်ရာတွင် ကိုယ်တိုင် သွား ရောက် ထွက်တွေ့ခြင်းထက် လာရောက် တွေ့ဆုံမှုများကို လက်ခံတွေ့ဆုံ နေခြင်းအပေါ်ကိုလည်း ပြန်လည် စဉ်းစားသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း၌ တွေ့ဆုံဆွေးနွေးရေးအတွက် အငြိမ်းစားသမ္မတ ဦးသိန်းစိန် လက်ထက် က အသုံးပြုခဲ့သည့် လူပုဂ္ဂိုလ်များကို ပြန်လည်ထုတ်သုံးသင့်ကြောင်းလည်း အကြံပြုမှုများရှိသည်။
 
	    	  	
	    	       
	    
	  	   
			 
		 
			 
                        
