CNI News

၂၀၂၆ ခုနှစ်၊ မေလ ၇

ပြည်သူလူထုသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ခံ အားပေးခဲ့ သည့်အတွက် မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့ အစိုးရအဖွဲ့သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏ စိတ်သဘောဆန္ဒများ အလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့ သော ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲ တင်မြှောက်ထားသည့် ရွေးကောက်ခံ အစိုးရအဖွဲ့ဟု နိုင်ငံတော် သမ္မတက ပြောသည်။

၎င်းက “ ရွေးကောက်ပွဲ၌ ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးရာတွင် တက်ကြွစွာဖြင့် စည်းကမ်းတကျ လာရောက်၍ မဲရုံများ၌ ဆန္ဒမဲများ ပေးခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲပေးသူ အများစုမှာ အသက် ၁၈ နှစ်နှင့် ၅၀ အကြား ဖြစ်ကြကြောင်း၊ ၎င်းတို့၏ သဘောဆန္ဒအလျောက် မဲပေးခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင် စနစ်တကျဖြင့် တန်းစီ၍ မဲပေးခဲ့ကြခြင်းကို တွေ့ခဲ့ရခြင်းသည် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို ထောက်ခံ အားပေးမှုကို ပြသခြင်း၊ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေးအရ ဆောင်ရွက်ချက်များကို ထောက်ခံမှု ပြသခြင်းပင်ဖြစ်သည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် အထိ အပိုင်း ၃ ပိုင်း ခွဲ၍ ကျင်းပခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲ ပေးသူ ၁၃ ဒသမ ၁၃ သန်းကျော်ရှိ၍ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းရှိသည်။

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိကြောင်း၊ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁ ဦဂ ရွေးကောက်ခံခဲ့ရကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဒီမိုကရေစီနှင့်အညီ အားလုံး ပါဝင်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ အချို့သော နိုင်ငံများအနေဖြင့် ပြည်သူများက ရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန် ထမ်းဆောင်နေသည့် မိမိတို့ အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေ ကြဆဲ ဖြစ်ကြောင်း၊ ဒီမိုကရေစီ နည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ဖြစ်စေ ရေး ဆက်လက် ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများ ကို လည်း ဖော်ဆောင်သွားမည်”ဟု ပြောသည်။

ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်း မှားယွင်းမှု မရှိဘဲ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲ တစ်ရပ်အဖြစ် ကျင်းပ နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပ ပြီးစီးခဲ့သော ရွေးကောက်ပွဲနှင့်အတူ လက်ရှိ ဖွဲ့စည်းထားသော သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အား တရုတ်၊ ရုရှား၊ ဘယ်လာရုစ် အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး အသင်းအဖွဲ့များက ကြိုဆိုဂုဏ်ပြု ထောက်ခံကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသေးသည်။