CNI International News
ကရာချီ၊ မေလ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစိုးရအရာရှိ ၁၂ ဦး ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်တွင် ကျင်းပသည့် သီတင်းပတ် ၂ ပတ်ကြာ ခေါင်းဆောင်မှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်ရန် ကရာချီ (Karachi) မြို့သို့ မေလ ၄ ရက်၌ ရောက်ရှိလာခဲ့သည်ဟု Economic Times သတင်းမှ ဖော်ပြထားသည်။
ကရာချီသို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ကို ပါကစ္စတန်နိုင်ငံ အဆင့်မြင့် ပညာရေး ကော်မရှင်(HEC)နှင့် နိုင်ငံ့ဝန်ထမ်းအကယ်ဒမီ (CSA) မှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
ထိုအစီအစဉ်သည် ၁၉၇၀ ပြည့်နှစ် အစောပိုင်း ကာလများ နောက်ပိုင်း နှစ်နိုင်ငံမှ အဆင့်မြင့် ဗျူရိုကရက်များကြား ပထမဆုံး စနစ်တကျ ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုဖြစ်ပြီး၊ အင်စတီကျူးရှင်းဆိုင်ရာ ဆက်ဆံရေးများ ပြန်လည် ထူထောင်ရာတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှုဌာနခွဲမှ တွဲဖက်အတွင်းဝန် စယ်လ်မာ ဆီဒီကာ မာတပ် (Salma Siddiqua Mahtab) က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ထိုအဖွဲ့တွင် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်ထဲရေးနှင့် ကုန်သွယ်ရေး အစရှိသည့် အဓိကဝန်ကြီးဌာနများမှ တွဲဖက်အတွင်းဝန်အဆင့်ရှိ အရာရှိ ၁၁ ဦး ပါဝင်သည်။

ဘင်္ဂလားဒေ့ရှ် အရာရှိတွေကိုတွေ့ရစဉ်
“မဟာဗျူဟာမြောက် ခေါင်းဆောင်မှု၊ အုပ်ချုပ်မှုစနစ်များနှင့် မူဝါဒဆိုင်ရာ ဆန်းသစ်တီထွင်မှု” (Strategic Leadership, Governance Systems and Policy Innovation) ဟု အမည်ပေးထားသော ထိုအစီအစဉ်သည် ပါကစ္စတန်အစိုးရ၏ အဓိကဦးဆောင်မှုဖြင့် ပြုလုပ်သော စီမံကိန်းတစ်ခုဖြစ်သည်။
ထိုအစီအစဉ်ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ အပြန်အလှန် သင်ယူလေ့လာမှုများကို အားပေး ရန်နှင့် နှစ်နိုင်ငံစလုံးရှိ ပြည်သူ့ကဏ္ဍ အဖွဲ့အစည်းများကြား အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ် ချိတ်ဆက်မှုများကို ခိုင်မာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
လေ့ကျင့်ရေး အစီအစဉ်များကို ကရာချီမြို့ရှိ အမျိုးသားပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (NIPA) တွင် လေးရက်ကြာ လေ့လာဆွေးနွေးမှုများဖြင့် စတင်ခဲ့သည်။
ကနဦးအဆင့်တွင် ဘင်္ဂလားဒေ့ရှ်အရာရှိများသည် ပါကစ္စတန်နိုင်ငံ၏ အုပ်ချုပ်မှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများ၌ တိုးတက်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များကို တက်ရောက် နားထောင်ခဲ့ကြသည်။
ကရာချီမြို့ရှိ အစီအစဉ်များအပြီးတွင် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့သည် လာဟိုး (Lahore) မြို့ရှိ နိုင်ငံ့ ဝန်ထမ်း အကယ်ဒမီ (CSA) သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
ထိုနေရာ၌ အုပ်ချုပ်ရေးဆိုင်ရာ ဆန်းသစ် တီထွင်မှုများနှင့် ပတ်သက်၍ အဆင့်မြင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
Source: Economic Times
