CNI International News
ဒါကာ ၊ မေလ ၉
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ (Khaleda Zia) သည် လန်ဒန်တွင် ၄ လကြာ ဆေးဝါးကုသမှု ခံယူပြီးနောက် မေလ ၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ယာယီအစိုးရအဖွဲ့ခေါင်းဆောင် များအတွက် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ပတ်သက်ပြီး ဖိအားများ မြင့်တက်လာခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ယာယီအစိုးရအဖွဲ့က အုပ်ချုပ်နေခြင်းဖြစ်သည်။
ဟာစီနာ၏ ခါးသီးပြိုင်ဘက်ဖြစ်သည် ဇီယာနှင့် ၎င်း၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) တို့ကမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရန်အတွက် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်ရန် ယူနွတ် အစိုးရအဖွဲ့ကို တိုက်တွန်းလျက်ရှိသည်။
ဇီယာကို ထောက်ခံသူများအား တွေ့ရစဉ်
ဟာစီနာအစိုးရ လက်ထက်က ဇီယာ၏ BNP ပါတီ အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ သပိတ်မှောက်ခြင်း၊ ရွေးကောက်ပွဲများတွင် မဲလိမ်မှုများရှိနေသည်ဟု စွပ်စွဲခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဟာစီနာအစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ပြန်လည်ပြုလုပ်ရန် အခွင့်အလမ်း တစ်ခုအဖြစ် အများစုက ရှုမြင်ခဲ့ကြသော်လည်း မကြာသေးမီ လများအတွင်း ယာယီအစိုးရ၏ ရွေးကောက်ပွဲ ကျင်းပမည့် ကတိကဝတ်အပေါ် သံသယများ ကြီးထွားလာခဲ့သည်။
ယာယီအစိုးရကမူ ရွေးကောက်ပွဲကို အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး ယခုနှစ် ဒီဇင်ဘာ သို့မဟုတ် လာမည့် နှစ် ဇွန်လတွင် ကျင်းပပေးမည်ဟု ပြောကြားခဲ့သဖြင့် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလသည် သေချာရေရာ မှု မရှိသေးပေ။
ဇီယာ၏ အကြီးဆုံးသားဖြစ်သည့် တာရစ် ရာမန် (Tarique Rahman) သည် လန်ဒန်တွင် ပြည်ပြေးဘဝဖြင့် နေထိုင်ပြီး ပါတီကို ဦးဆောင်နေသူဖြစ်သည်။
ဒါကာမြို့တော်ရှိ Hazrat Shahjalal နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာသည့် ဇီယာကို ၎င်းအား ထောက်ခံသူ များက စုရုံးပြီး ကြိုဆိုခဲ့ကြသည်။
ဇီယာသည် ကာတာစော်ဘွားကြီး ရှိတ် တာမင် ဘင် ဟာမက် အယ် သာနီ ( Emir Sheikh Tamim bin Hamad Al Thani) က စီစဉ်ပေးသည့် အထူးလေကြောင်းခရီးစဉ်ဖြင့် လန်ဒန်မှ ဒါကာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
Source: အေပီ