CNI International News

ဆိုးလ်၊ မေလ ၉

မြောက်ကိုရီးယားသည် အရှေ့ဘက်ကမ်းလွန် ရေပြင်များအတွင်းသို့ အမျိုးအစားစုံလင်သည့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က မေလ ၈ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုဒုံးကျည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမပြုမီ ဒုံးကျည်များ၏ စွမ်းဆောင်ရည်ကို စမ်းသပ်သည့် အနေဖြင့် ထိုကဲ့သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားက ပြောသည်။

ထိုဒုံးကျည်များကို မြောက်ကိုရီးယား၏ အရှေ့ဘက် ကမ်းရိုးတန်းဘေးရှိ ဝန်ဆန်မြို့ (Wonsan) မှ ပင်လယ် အတွင်းသို့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။

ထိုဒုံးကျည်များသည် ကီလိုမီတာ ၈၀၀ (၄၉၈ မိုင်) အကွာအဝေးအထိ ပျံသန်းခဲ့ပြီးနောက် ပင်လယ်ထဲသို့ ကျသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုဒုံးကျည်များ ပစ်လွှတ်မှုနှင့်ပတ်သက်သည့် အချက်အလက်များကို အမေရိကန်၊ ဂျပန်တို့နှင့် မျှဝေခဲ့ကြောင်း JSC က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စဉ်

ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များ၏ အရေအတွက်နှင့် ဒုံးကျည် အမျိုးအစားများကို JCS ၏ ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျွန် (Lee Sung-jun) က မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယား၏ အမျိုးသားပြန်လည် ပေါင်းစည်းရေး အင်စတီကျုမှ မြောက်ကိုရီးယားအရေး လေ့လာသူ ဟောင်မင် (Hong Min) ကမူ မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစား ၂ ခုကို ပစ်လွှတ်ခဲ့ ဖွယ်ရှိကြောင်းနှင့် ထိုဒုံးကျည်များသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ထောက်ပံ့ပေးခဲ့သည့် ဒုံးကျည် အမျိုးအစားများဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရကလည်း မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုကို ထောက်လှမ်းသိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မတ်လအတွင်းကလည်း မြောက်ကိုရီးယားသည် အမျိုးအစား စုံလင်သည့် ပဲ့ထိန်းဒုံးကျည်များကို ပစ်လွှတ်ခဲ့ပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဝေဖန်ရှုတ်ချခဲ့သည်။

Source: ရိုက်တာ

#ပဲ့ထိန်းဒုံးကျည် #တောင်ကိုရီးယား #မြောက်ကိုရီးယား #ဂျပန် #နိုင်ငံရေး #နိုင်ငံတကာ #CNIinternational #CNImyanmar 

ပုံ - မြောက်ကိုရီးယား အလံကို တွေ့ရစဉ်