CNI International News
လန်ဒန်၊ မေလ ၉
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေအနေ အပါအဝင် ဥရောပနှင့် ဆက်ဆံရေး မြင့်တက်လာသည့်အပေါ် မူတည် ပြီး ယူကရိန်းသည် နိုင်ငံသုံးငွေဖြစ်သည့် ယူကရိန်း ဟီရီဗင်းညား (Ukrainian hryvnia) ငွေကြေးကို အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်မှုမှ ယူရိုငွေနှင့် ပြောင်းလဲ ချိတ်ဆက်ရန် စဉ်းစားနေကြောင်း ယူကရိန်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အန်ဒရီ ပိုက်ရှ်နီ (Andriy Pyshnyi) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဥရောသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ခြေရှိသည့် ယူကရိန်းသည် ကမ္ဘာလုံးဆိုင်ရာ ကျိုးပျက်လွယ်သည့် စျေးကွက် များအတွင်း ဥရောပ၏ အခန်းကဏ္ဍကို မြှင့်တင်နေသလို ရေရာမှုမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေအနေများကြောင့် ကုန်သွယ်မှုတွင် ဒေါ်လာအစား ယူရိုငွေကြေးကို ပြောင်းလဲသုံးစွဲရန် စဉ်းစားရသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဒီကိစ္စက ရှုပ်ထွေးပြီး အရမ်းကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်”ဟု ပိုက်ရှ်နီက ယူကရိန်း၏ နိုင်ငံခြားငွေ ပြောင်းလဲသုံးစွဲမည့် အလားအလာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးခဲ့သည်။
အမေရိကန်ဒေါ်လာသည် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေး တစ်ခုအဖြစ် လွှမ်းမိုးထားသည်။
ဆော်ဒီအာရေဗျနှင့် ဟောင်ကောင် အပါအဝင် စီးပွားရေး အင်အားကြီး နိုင်ငံများသည်လည်း ၎င်းတို့၏ နိုင်ငံသုံး ငွေကြေးများကို ဒေါ်လာနှင့် ချိတ်ဆက်ထားပြီး ဒေါ်လာနှင့်သာ ကုန်သွယ်မှုများ ပြုလုပ်နေသည်။
ယူရိုငွေကြေးကို တွေ့ရစဉ်
သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် အမေရိကန်သည် ကုန်သွယ်ရေး စစ်ပွဲကို စတင်ခဲ့သဖြင့် ရာစုနှစ်တစ်စုအတွင်း ကုန်သွယ်ခွန်များ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကာ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးဖြစ်သည့် ဒေါ်လာ၏ အနာဂတ်အပေါ် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
လက်ရှိတွင် ရုရှား-ယူကရိန်း စစ်ပွဲသည် ၄ နှစ်တာ ကာလအတွင်း ဝင်ရောက်လာခဲ့ချိန်တွင် ထရမ့်သည် ယူကရိန်း အတွက် စစ်ရေးအကူအညီအချို့ကို ယာယီဆိုင်းငံ့ခဲ့သည်။
ဥရောပသမဂ္ဂ အပါအဝင် ဥရောပခေါင်းဆောင်များကမူ ယူကရိန်းတွင် အနာဂတ် လုံခြုံရေးအတွက် အုတ်မြစ် တစ်ခု ဖြစ်စေရန်အတွက် ယူကရိန်းစစ်တပ်ကို အင်အားခိုင်မာစေအောင် လုပ်ဆောင်ပေးမည်ဟု ကတိပြုခဲ့သော် လည်း ထိုလုပ်ငန်းစဉ်သည် ထင်သလောက် လွယ်ကူခဲ့ခြင်းမရှိပေ။
ပြောင်းလဲနေသည့် ကမ္ဘာ့အခင်းအကျင်းအရ ယူကရိန်းသည် ပထဝီနိုင်ငံရေး၊ လုံခြုံရေးနှင့် ကုန်သွယ်ရေး ကဏ္ဍတို့တွင် မိတ်ဖက် ဆက်ဆံရေးအတွက် ပြန်လည် သုံးသပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု Societe Generale ဘဏ္ဍာရေးသုတေသန ကုမ္ပဏီအကြီးအကဲ ဖီးနစ် ကာလန် (Phoenix Kalen) က ပြောကြားခဲ့သည်။
Source: ရိုက်တာ