CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၂
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို လွှမ်းမိုးထားသည့် အမေရိကန်ဒေါ်လာကို စိန်ခေါ်အစားထိုးမည့် မည်သည့်နိုင်ငံကို မဆို အခွန် ၁၀၀ ရာခိုင်နှုန်း တိုးကောက်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က BRICS အဖွဲ့ဝင်နိုင်ငံများကို နိုဝင်ဘာ ၃၀ ရက်တွင် သတိပေးခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
BRICS အဖွဲ့ကို ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် အဖွဲ့ဝင်နိုင်ငံများ ပိုမိုများပြားလာခဲ့သည်။
BRICS အဖွဲ့အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာကို မသုံးဘဲ အခြားငွေကြေး အသစ် တစ်ခု ထူထောင်လိုသည့် အစီအစဉ်များကို စွန့်လွှတ်ရန် ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာအကောင့် တွင် ရေးသားခဲ့သည်။
"ကျနော်တို့ ရပ်ကြည့်နေချိန်မှာပဲ BRICS အဖွဲ့ဝင် နိုင်ငံတွေဟာ ဒေါ်လာကို စွန့်ခွာဖို့ ကြိုးပမ်းနေကြပါတယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။
BRICS အဖွဲ့ဝင် ခေါင်းဆောင်များ အစည်းအဝေးကျင်းပနေစဉ်
ထိုအစီအစဉ်များကို ဆက်လက် လုပ်ဆောင်နေသည့် နိုင်ငံများကိုလည်း စီးပွားရေးအရ ထိခိုက်နစ်နာစေရန် လုပ်ဆောင်သွားမည်ဟု ထရမ့်က ပြောသည်။
ငွေကြေးသုံးစွဲမှု ပြောင်းလဲသည့် နိုင်ငံများ၏ သွင်းကုန်များကို ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက် သွားမည်ဖြစ် သလို ထိုနိုင်ငံများသည် အမေရိကန်စျေးကွက်ကို ဝင်ရောက်ခွင့် တားမြစ်ကန့်သတ် ခံရနိုင်သည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။
BRICS အဖွဲ့ဝင် နိုင်ငံများသည် ကုန်သွယ်ရေး ယန္တရားသစ်များ ဖန်တီးရေး သို့မဟုတ် ငွေကြေးပြောင်းလဲ အသုံး ပြုမှုများမှတဆင့် အမေရိကန် ဒေါ်လာအပေါ် မှီခိုနေမှုကို လျှော့ချရန် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်နေချိန် မှာပင် ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလက ရုရှားနိုင်ငံ၊ ကာဇန် (Kazan) မြို့တွင် ပြုလုပ်ခဲ့သည့် BRICS အစည်းအဝေးအတွင်း ကမ္ဘာ့ ကုန်သွယ်ရေး၌ ဒေါ်လာအစား အခြားငွေကြေး ပြောင်းလဲအသုံးပြုရေး အစီအစဉ်နှင့်ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့သည်။
Source: South China Morning Post