CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၆

နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) သာ အနိုင်ရရှိခဲ့မည်ဆိုပါက ဘတ်ငွေတန်ဖိုးသည် ဆက်လက်ကျဆင်းဖွယ်ရှိပြီး တစ်ဒေါ်လာလျှင် ၃၄ ဒသမ ၅၀ ဘတ်အောက် ကျဆင်းသွားဖွယ်ရှိကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာလျှင် ၃၃ ဒသမ ၈၄ ဘတ်အထိ ကျဆင်းနေသည်။ 

ထိုနှုန်းထားသည် ၁ လခွဲကျော်အတွင်း အနိမ့်ဆုံး နှုန်းထားဖြစ်ကြောင်း ကာစီကွန်း သုတေသနစင်တာ (K-Research) က ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၃ ရက်တွင် တစ်ဒေါ်လာလျှင် ၃၃ ဒသမ ၅၀ ဘတ် ရှိခဲ့ရာမှ အောက်တိုဘာ ၂၄ ရက်တွင် ဘတ်ငွေဈေးနှုန်း ဆက်လက် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ဘတ်ငွေကို တွေ့ရစဉ်

"အမေရိကန်ဗဟိုဘဏ်က အမေရိကန်ငွေတိုက်စာချုပ်တွေကို ထောက်ပံ့ပေးနေချိန်မှာ ထိုင်းစတော့ အိတ်ချိန်းနဲ့ ငွေတိုက်စာချုပ် ဈေးကွက်တွေမှာ ငွေကြေးယိုစီးမှုတွေ ရှိနေခဲ့ပါတယ်"ဟု K-Research ၏ အကြီးအကဲ ကန်ဂျာနာ ချော့ပီဆန်ဆင် (Kanjana Chockpisansin) က ပြောကြားခဲ့သည်။

အမေရိကန်တွင် နိုဝင်ဘာ ၅ ရက်၌ ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်လောင်းများအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန်မှာ အမေရိကန်ဒေါ်လာ ငွေကြေးတန်ဖိုးသည် ဇူလိုင် ၂၄ ရက်မှစပြီး အောက်တိုဘာ ၂၃ ရက်အထိ အမြင့်ဆုံးနှုန်းထားအထိ မြင့်တက်ခဲ့သည်။

"မစ္စတာထရမ့်သာ အနိုင်ရသွားမယ်ဆိုရင် သူ့အစိုးရအဖွဲ့ဟာ ငွေကြေးတွေကို ပိုမိုသုံးစွဲတာ ချေးငွေတွေ ပိုမို ထုတ်ယူတာတွေ လုပ်ပါလိမ့်မယ်။ ဒါဆိုရင် အမေရိကန်အတွက် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ခက်လာ စေနိုင်ပြီး အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမှုကို ထိခိုက်စေပါလိမ့်မယ်"ဟု ကန်ဂျာနာက ဘန်ကောက်ပို့စ်ကို ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

"ဒီအချက်အလက်တွေ အားလုံးက ဒေါ်လာနဲ့ အာရှငွေကြေးတွေအကြား ငွေတန်ဖိုး နှိုင်းယှဉ်တဲ့နေရာမှာ ပိုမို ခိုင်မာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ တရုတ်ရဲ့ ယွမ်ငွေကြေးလည်း အပါအဝင်ပေါ့" ဟု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိ အချိန်အထိ အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို ၀ ဒသမ ၂၅ ရာခိုင်နှုန်းတွင် ဆက်လက် ထားရှိလိမ့် မည်ဟု K-Research က ခန့်မှန်းထားသည်။

ထိုအချိန်အတောအတွင်း ထိုင်းဗဟိုဘဏ်ကလည်း ယခုလအတွင်းမှာ အတိုးနှုန်း ၀ ဒသမ ၂၅ ရာခိုင်နှုန်း ထားရှိခဲ့ ပြီးနောက် လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် အစည်းအဝေးတွင် ၎င်း၏ မူဝါဒနှုန်းထားများကို ဆက်လက် ထိန်းသိမ်းထားဖွယ်ရှိသည်ဟု ကန်ဂျာနာက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်