CNI International News

နယူးယောက်၊ အောက်တိုဘာ ၂၅

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် ဖြန့်ကြက်ချထားရန်အတွက် ရုရှားသို့ စစ်သားများ စေလွှတ်နေ ကြောင်း အမေရိကန်၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် ယူကရိန်းတို့က ပြောကြားခဲ့သည်။

ထိုလုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပြဋ္ဌာန်းချက်ကို ချိုးဖောက် ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီလကတည်းက ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့သည့် ရုရှားနှင့် မြောက်ကိုရီးယားတို့က ရုရှားတွင် မြောက်ကိုရီးယား စစ်သားများမရှိကြောင်း ငြင်းဆိုခဲ့ကြသည်။

အကယ်၍ မြောက်ကိုရီးယား အနေဖြင့် ၎င်းအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့မည်ဆိုပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မည်သည့်အရာများ လုပ်ဆောင်နိုင်ပါသနည်း။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်နှင့် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး စီမံကိန်းများကြောင့် ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသည်။

မြောက်ကိုရီးယား စစ်သားတွေကို တွေ့ရစဉ်

လုံခြုံရေးကောင်စီတွင်  မြောက်ကိုရီးယား ပိတ်ဆို့မှုကော်မတီရှိပြီး ထိုကော်မတီတွင် ရုရှား အပါအဝင် ကော်မတီ ဝင် ၁၅ နိုင်ငံပါဝင်သည်။

ထိုကော်မတီသည် မြောက်ကိုရီးယားကို လေ့လာစောင့်ကြည့်ပြီး သင့်တော်သည့် အရေးယူမှုများ လုပ်ဆောင်ခဲ့ သည်။

လုံခြုံရေးကောင်စီဝင် တစ်နိုင်ငံအနေဖြင့် ကြေညာချက် ထုတ်ပြန်ရန် အဆိုပြုနိုင်သော်လည်း ထောက်ခံမဲ ၉ မဲ ရရှိရန်လိုအပ်ပြီး ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့က ထိုအဆိုပြုချက်ကို ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများအရ နိုင်ငံများအနေဖြင့် မြောက်ကိုရီးယားနှင့် စစ်တပ်၊ အရန်တပ် သို့မဟုတ် ရဲတပ်ဖွဲ့များနှင့်ဆက်နွှယ်သည့် လေ့ကျင့်မှုများပြုလုပ်ရန် ရန်ရည်ရွယ်ချက်ဖြင့် စစ်သင်တန်းပေးသူများ၊ အကြံပေးများ သို့မဟုတ် အရာရှိများကို လက်ခံထားရှိခွင့်ကို တားမြစ်ထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ကင်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

မြောက်ကိုရီးယားသည် လက်နက်ရောင်းဝယ်ခွင့်လည်း ပိတ်ပင်ခံထားရသည်။

လက်ရှိတွင် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့မှု အသစ်များ ချမှတ်မှုသည် ဖြစ်နိုင်ခြေ အလွန် နည်းပါးသည်။

လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် နောက်ဆုံးအကြိမ်  ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အချိန်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ဖြစ်သည်။ 

၂၀၂၂ ခုနှစ်၊ မေလတွင် အမေရိကန်က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် အဆိုပြုခဲ့သော် လည်း တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။

ထို့ကြောင့် လက်ရှိ အခြေအနေတွင်လည်း မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ပိတ်ဆို့မှုများ ချမှတ်နိုင်မည့် အလားအလာသည် အလွန်ဖြစ်နိုင်ခြေ နည်းသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

Source: ရိုက်တာ