CNI News    

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

လက်ရှိတွင် အန်းမိုင် ဦးဆောင်သည့် NSCN-K/AM အဖွဲ့သည် မြန်မာ့တပ်မတော်နှင့်တွေ့ဆုံဆွေးနွေး၍ အပစ်ရပ် လက်မှတ်ထိုးမည့်အပေါ် တချို့က ကန့်ကွက်နေခြင်းကြောင့် နာဂအမျိုးသားပါတီ(NNP)၏ အမြင်သဘောထား ဘယ်လိုရှိလဲဆိုသည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။

မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ ခန္တီးမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးနှင့် နာဂဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် စက်တင်ဘာလ ဒုတိယအပတ်က မုံရွာမြို့မှာ မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့တွင် ခန္တီးမြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးခဲ့၍ တိုင်းဒေသကြီး အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး(Bilateral)ထိုးရန် သဘောတူညီခဲ့ကြသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်ထိ(၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်) အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်သေးဘဲ ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

NSCN-K/AM အဖွဲ့ခေါင်းဆောင် အန်းမိုင်ကို တွေ့ရစဉ်

အဆိုပါ အပစ်ရပ်စဲရေး NSCN-K/AM ထိုးမည့်အပေါ် ဦးယုံးအောင် ဦးဆောင်သည့် NSCN-K/YA က ကန့်ကွက် နေသလို အမျိုးသားအရေးဆန့်ကျင်သူအဖြစ်ပါ သတ်မှတ်မည်ဟု အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

NSCN-K/YA အနေဖြင့် သူတို့၏ နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ဖော်ပြသသည့် သဘောဖြစ်ပြီး ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းသည် သူတို့၏ ပုံမှန်လုပ်ရိုးလုပ်စဥ်နှင့် ရပ်တည်ချက်ကို ကြေညာသည့် သဘောဖြစ်နိုင်ကြောင်း နဂအမျိုးသားပါတီ(NNP)ဥက္ကဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ဒါကတော့ တစ်ဖက်ကလုပ်တဲ့ အနေအထားတစ်ခုကို တစ်ဖက်က ဒါသူတို့ရဲ့ သဘောထား ထုတ်ပြန်ချက်၊ လုပ်ရိုးလုပ်စဥ်လို့ပဲ ကျနော်ကတော့ အဲလိုပဲမြင်တယ်လေ။ ဒါသူတို့ရဲ့ ပြောရရင် အဆုံးစွန်ထိ Political position တစ်ခုကို၊ သူတို့ရဲ့ Political stand ပေါ့နော်၊ Political position တစ်ခုကိုသူတို့ ထုတ်ပြန်တဲ့ သဘောလို့ပဲ ကျနော် ယူဆတယ်။ ဒီအပေါ်မှာလည်းပဲ ပွတ်တိုက်မှုတွေ မရှိဘူးလို့လည်း ပြောလို့မရသလို ရှိလာမယ်လို့လည်း စိုးရိမ်းရ တဲ့ အခြေအနေတော့ အဲလိုတော့ မဟုတ်ဘူး။ ဒါပေမယ့်လို့ တစ်စုံတရာ အဆုံးစွန်သော အခြေအနေ ကြုံကြိုက်ခဲ့ သည်ရှိသော် ဒါသူတို့ရဲ့ Political position က ဒါဖြစ်ပါတယ်ဆိုတာကို ပြောတဲ့သ‌ဘောလို့ပဲ ကျနော်က ယူဆ တယ်ဗျ။ အဲ့တာကြောင့်မို့ ကန့်ကွက်တယ်၊ ထောက်ခံတယ်ဆိုတဲ့ အနေအထားတစ်ခုက ဒါသူတို့ရဲ့ ပုံမှန်လုပ်ရိုး လုပ်စဥ်ရဲ့ ရပ်တည်ချက်ကို ကြေညာတဲ့သဘောလို့ပဲ ကျနော်ကတော့ အဲလိုပဲ သုံးသပ်ပါတယ်"ဟု ပြောသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

NSCN-K/AM ၏ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ NSCN-K/YA အနေဖြင့် အကျင့်ပျက်ခြစားလိုသည့် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးအမြတ်အတွက်မျှ မိမိတို့ဒေသကို ထိခိုက်ပျက်စီး အောင် လုပ်ဆောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု NSCN-K/YA က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အန်းမိုင် ဦးဆောင်သည့် NSCN-K/AM နှင့် ဦးယုံးအောင် ဦးဆောင်သော NSCN-K/YA အဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးလမ်းကြောင်းပေါ်သို့ စတင်ဝင်ရောက်လာပါက အစိုးရအဖွဲ့အစည်းများ အနေဖြင့် ကြိုဆိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

 ENNO/ENDA အဖွဲ့ကို တွေ့ရစဉ်

၎င်းက "လက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းမှုလမ်းကြောင်းကို စလှမ်းတယ်ဆိုရင် ကြိုဆိုအပ်တယ်ဗျ၊ ပထမ တစ်ချက်လေ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ခုနက နိုင်ငံရေးလမ်းကြောင်းပေါ်ကို စပြီးတော့ မျှော်မှန်းတယ်ဆို တာနဲ့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်းပေါ့ဗျာ၊ အရင်ဆိုရင် ကြံ့ခိုင်‌ရေး၊ နောက် NLD၊ အခုဆိုရင် နစကပေါ့ဗျာ၊ သူတို့က လက်ခံကြိုဆိုအပ်တယ်ဗျ။ ဘာလို့ဆို နိုင်ငံရေးကို နိုင်ငံ‌ရေးနည်းနဲ့ ဆွေးနွေးမှဖြစ်မှာမို့လို့ပါ။ အဲတော့ရှိပြီး သား လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်၊ အဲဒီထဲက NCA လက်မှတ်ထိုးတဲ့ အဖွဲ့အစည်းတွေ ၁၀ ဖွဲ့လောက်ရှိခဲ့တယ်။ အဲဒီက အနုတ်လက္ခဏာလေးတွေ ပြပြလာတာ ကောင်းမွန်တဲ့ဘက်ကို မသွားဘူးပေါ့။ အဲတော့ လက်မှတ်ထိုးပြီးသား အဖွဲ့အစည်းတွေကို ဆွဲဆောင်စည်းရုံးပြီး‌တော့ နိုင်ငံရေးမျှခြေ တစ်ခုရအောင်လို့ ဆောင်ရွက်သင့်တာ‌ပေါ့။ ၇ ဖွဲ့ရှိရင် နောက်ထိုးပြီးသား ၃ ဖွဲ့ကို ပြန်ပြီးစည်းရုံးရမှာပေါ့ဗျာ။ ရပြီးသား ခြေလှမ်းလေး တွေ ရှေ့ဆက်သွားနိုင်အောင်၊ အဲတော့ အသစ်သစ်သော အဖွဲ့အစည်းတွေက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို သဘောကျလို့၊ လက်ခံလို့၊ စိတ်ဝင်စားလို့ ဖြစ်ဖြစ်ပေါ့ဗျာ၊ ဒီဘက်ကို လက်မှတ်လာထိုးချင် တယ်၊ ခြေဦးလှည့်တယ်ဆိုရင် ကြိုဆိုအပ်တယ်။ အဲတာကြောင့် NSPNC ကလည်း နာဂအဖွဲ့ကို ကြိုဆိုအပ်တယ် ဗျ"ဟု ပြောသည်။

လတ်တလောတွင် NSCN-K/AM အဖွဲ့သည် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး(Bilateral)ထိုး ရန် ညှိနှိုင်းနေခြင်းဖြစ်ပြီး နောက်မှ ပြည်ထောင်စုအဆင့်ကို သွားသင့် မသွားသင့်ကို စဉ်းစားမည်ဟု သိရသည်။

လက်ရှိတွင် နာဂလက်နက်ကိုင်များအနေဖြင့် NSCN-K/YA၊ NSCN-K/AM၊ ENNO/ENDA၊ NPDF တို့ရှိပြီး NSCN-K/N၊ NSCN-K/KH တို့ကတော့ အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူထားကာ အိန္ဒိယဘက်ခြမ်းမှာ နေထိုင်လျက်ရှိ သည်။

အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENNO/ENDA)သည် NSCN-K မှ ထုတ်ပယ်ခံလိုက်ရသော ဦးအောင်ဆိုင်း ဦးဆောင်၍ KIA ၏ စစ်ရေးအကူအညီဖြင့် ဖွဲ့စည်းပြီး နွေဦးတော်လှန်ရေးမှာ KIA နှင့် ပူးတွဲတိုက်ခိုက်လျက်ရှိနေ သည်။