CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၁
အမေရိကန်အစိုးရယန္တရား ရပ်တန့်သွားဖွယ်ရှိသည့် အခြေအနေကြောင့် စက်တင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၌ ရွှေတစ်ယူနစ်လျှင် ဘတ် ၆၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
အမေရိကန်တွင် အစိုးရယန္တရား ရပ်တန့်ဖွယ်ရှိသည့် အခြေအနေနှင့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်နေချိန် ၌ ရင်းနှီးမြှုပ်နှံသူများသည် ဝယ်ပြီးပါက ဆုံးရှုံးခြင်းမရှိနိုင်သည့် ရွှေနှင့် ငွေချေးစာတိုက်များကို စိတ်ဝင်စားလာ သဖြင့် ထိုင်းရွှေစျေးများ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရွှေကုန်သည်များအသင်းက စက်တင်ဘာ ၃၀ ရက် အဖွင့်စျေးကို ဘတ် ၆၅၀ အထိ မြှင့်တင်ကြောင်း ကြေညာခဲ့ပြီး ရွှေတစ်ယူနစ်လျှင် ဘတ် ၅၈,၈၅၀ သို့ ရောက်ရှိခဲ့သည်။
နံနက် ၁၁ နာရီတွင်မူ ရွှေချောင်း ရောင်းဝယ်မှုများတွင် ရောင်းစျေး ဘတ် ၅၉,၃၀၀ ရှိခဲ့ပြီး ဝယ်စျေးမှာ ဘတ် ၅၉,၂၀၀ ရှိခဲ့သည်။
ရွှေထည်များ၏ စျေးနှုန်းများသည်လည်း ဝယ်စျေးသည် တစ်ယူနစ်လျှင် ၅၈,၀၁၇ ဒသမ ၃၂ ဘတ်နှင့် ရောင်းစျေး သည် တစ်ယူနှစ်လျှင် ဘတ် ၆၀,၁၀၀ ဒသမ ၅၀ အထိ စျေးရှိခဲ့သည်။
ထိုင်းရွှေတုံးကို တွေ့ရစဉ်
အမေရိကန်အစိုးရ၏ ဘတ်ဂျက်အစီအစဉ် မတိုးသာ မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေမှုကို ရင်းနှီးမြှုပ်နှံသူ များက စိုးရိမ်ခဲ့ကြသဖြင့် ရွှေစျေးများ စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေကုန်သွယ်ရေးအဖွဲ့ MTS Gold Group ၏ ဥက္ကဋ္ဌ ဖြစ်သည့် ကရန်သက် တူရာကစ်ဂျ် (Krungthep Turakij) က ပြောကြားခဲ့သည်။
အမေရိကန်တွင် လွှတ်တော်က ဘတ်ဂျက်ကို အတည်မပြုခဲ့ပါက အစိုးရလုပ်ငန်းများ ရပ်တန့်သွားမည်ဖြစ်ပြီး စျေးကွက် ကသောင်းကနင်း အခြေအနေအား ဖြစ်ပွားစေခဲ့ကာ ရွှေစျေးများ ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း ၎င်းက ပြောသည်။
ကမ္ဘာ့ရွှေစျေးသည် စက်တင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ ၃၈၆၄ ဒသမ ၅၅ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများ မြင့်တက်လာခဲ့မှုနှင့်အတူ ရွှေသည် ဘေးကင်း လုံခြုံသည့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းအဖြစ် ၎င်း၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။
Source: The Nation