CNI International News
အမ်မန်၊ ဒီဇင်ဘာ ၂
ဆီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ် ဟေယတ်တာရီယာအယ်ရှမ်သူပုန် (HTS)များ ဦးဆောင်သည့် လက်နက်ကိုင် များသည် အလက်ပို (Aleppo) မြို့ကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်ခဲ့၍ သိမ်းပိုက်လိုက်ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီသည့် စစ်သားများ သေဆုံးခဲ့ကြောင်း ဆီးရီးယားစစ်တပ်က နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
သူပုန်များသည် မြို့ထဲသို့ ဝင်ရောက်လာချိန်တွင် စစ်သားများသည် အခြားတစ်နေရာသို့ ပြောင်းလဲတပ်စွဲခဲ့ရသည်။
လက်ရှိ အခြေအနေသည် ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် (Bashar al-Assad) အတွက် နှစ်အနည်းငယ် အတွင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခဲ့သည်။
ဆီးရီးယားစစ်တပ်ကို အကူအညီပေးသည့် အနေဖြင့် ရုရှားလေတပ်က သူပုန်များကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
HTS သူပုန်အဖွဲ့ကို အမေရိကန်၊ ရုရှား၊ တူရကီနှင့် အခြားနိုင်ငံ များက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထား သည်။
အာဆတ်သည် ရုရှားနိုင်ငံ၏ အနီးကပ်မဟာမိတ် ဖြစ်သည်။
ရုရှားသမ္မတ ပူတင်နဲ့ ဆီးရီးယားသမ္မတ အာဆတ်ကို တွေ့ရစဉ်
အမေရိကန်ကမူ အလက်ပိုမြို့၏ အခြေအနေကို စောင့်ကြည့်နေကြောင်း၊ လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဒေသတွင်းအစိုးရများနှင့် အဆက်အသွယ်များရှိခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။
ဆီးရီးယားအစိုးရက နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်ရန် ငြင်းဆိုခြင်း၊ ရုရှားနှင့် အီရန်တို့အပေါ် အလွန်မှီခိုနေ ခြင်းတို့ကြောင့် အခြေအနေသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ရှောင် ဆာဗတ် (Sean Savett) က ပြောကြားခဲ့သည်။
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားသည့် သူပုန်များ ဦးဆောင်သည့် ထိုးစစ်နှင့်ပတ်သက်ပြီး အမေရိကန်က ဝင်ပါခဲ့ခြင်း မရှိကြောင်းနှင့် တင်းမာမှုများ လျှော့ချရန် တိုက်တွန်းကြောင်း ဆာဗတ်က ပြောသည်။
ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် လူပေါင်းသိန်းချီ သေဆုံးခဲ့ပြီး လူပေါင်းသန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။
Source: Nikkei Asia