CNI International News

အန်ကာရာ၊ ဇန်နဝါရီ ၁၄

တူရကီနှင့် ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်လူမျိုးများအတွက် မဟာဗျူဟာ ၂ ခုရှိကြောင်း တူရကီသမ္မတ အာဒိုဂန် (Recep Tayyip Erdogan) က အရိပ်အမြွက် ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

အာဒိုဂန်သည် နှစ်သစ်ကူး မိန့်ခွန်းအတွင်းကလည်း အနာဂတ်တွင် တူရကီအတွက် မိမိတို့၏ သဘောထားကို သဘောပေါက် နားလည်စေရန်နှင့် ဒေသတစ်ခုလုံးအား အကြမ်းဖက်မှု မရှိစေရန် ခိုင်မာသည့် အစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အာဒိုဂန်သည် လက်ရှိ တူရကီအစိုးရနှင့် ကာ့ဒ်များ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို ရည်ညွှန်းပြီး ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ကို အာဒိုဂန်၏ ညွှန်ပေါင်းမဟာမိတ်ဖြစ်သည့် မျိုးချစ်လှုပ်ရှားရေး ပါတီ(MHP)၏ဥက္ကဋ္ဌ ဒေ့ဗ်လက် ဘာစီလီ (Devlet Bahceli) က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အာဒိုဂန်အတွက် ကာ့ဒ်အဖွဲ့များနှင့် ပတ်သက်ပြီး အဓိကမဟာဗျူဟာ ၂ ခုမှာ ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် ပြန်လည်ပေါင်းစည်းပြီး PKK ပါတီကို ဖျက်သိမ်းရေးဖြစ်သည်။

တူရကီသမ္မတ အာဒိုဂန်ကို တွေ့ရစဉ်

တူရကီ အရှေ့တောင်ပိုင်းနှင့် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် PKK ပါတီကို တူရကီ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး PKK လက်နက်ကိုင်များသည် ၁၉၈၄ ခုနှစ် ကတည်းက တူရကီအစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုလက်နက်ကိုင် ပဋိပက္ခများကြောင့် ၁၉၈၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း လူပေါင်း ၄၀,၀၀၀ ခန့် သေဆုံးခဲ့သည်။

အာဒိုဂန်အတွက် နောက်ထပ် မဟာဗျူဟာမှာ ဆီးရီးယားနိုင်ငံအတွင်းရှိ YPG ကာ့ဒ်လက်နက်ကိုင်အဖွဲ့ကို ဖျက်သိမ်းရေး ဖြစ်သည်။

YPG အဖွဲ့သည် PKK မှ ခွဲထွက်လာခဲ့သည့် ကာဒ့်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အာဒိုဂန်က အမေရိကန်၏ ထောက်ပံ့ မှုကို ရရှိထားသည့် YPG အဖွဲ့ကိုလည်း တူရကီအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်ထားသည်။

ထို့ကြောင့် တူရကီသည် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ နယ်မြေ အများအပြားကို ထိန်းချုပ်ထားသည့် YPG အဖွဲ့ အား ဖျက်သိမ်းပေးရန် ဆီးရီးယားကြားဖြတ်အစိုးရကို တောင်းဆိုခဲ့သည်။

သို့သော် တူရကီ၏ တောင်းဆိုချက်သည် လက်တွေ့ဖြစ်မြောက်ရန် အလားအလာမရှိကြောင်း အစ္စတန်ဘူလ် (Istanbul) မြို့ရှိ ဆာဘန်စီ တက္ကသိုလ် (Sabanci University) မှ နိုင်ငံရေးသိပ္ပံပညာရှင် ဘာ့ခ် အိဆန် (Berk Esen) က ပြောကြားခဲ့သည်။

Source: DW