CNI International News

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၄

အနောက်နိုင်ငံများနှင့် ရုရှား-တရုတ် ဦးဆောင်သည့် အင်အားစုများအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် တူရကီသည် ထိုအင်အားစု ၂ ခုအကြား ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုများအတွင်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

တူရကီနိုင်ငံ၏ တည်နေရာသည် ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတိုက်တို့၏ လမ်းဆုံလမ်းခွ နေရာတွင် တည်ရှိနေသဖြင့် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့် နေရာ၌ ရှိနေသည်။

ထို့ပြင် တူရကီသည် ၎င်း၏ တန်းပြည့် စစ်သားအရေအတွက်ကို ၃၅၀,၀၀၀ အထိ တိုးမြှင့်ခဲ့သဖြင့် နေတိုး အဖွဲ့အတွင်း အမေရိကန်ပြီးလျှင် တန်းပြည့်စစ်သားအင်အား ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေသည်ဟု အမေရိကန် အခြေစိုက် Global Firepower ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ်က တူရကီတွင် ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် သံအမတ်များ ညီလာခံ၌ တူရကီသမ္မတ အာဒိုဂန်က တူရကီနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးများတွင် အရေးကြီးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

မိမိတို့ တူရကီသမ္မတနိုင်ငံ ထူထောင်သည့် ခုနှစ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် နှစ်ပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီး နောက်ထပ် ရာစုနှစ်အသစ်ကို ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

အာဒိုဂန်ကို တွေ့ရစဉ်

တူရကီ၏ သမိုင်းကြောင်းတွင် ဆိုမာလီယာနှင့် အီသီယိုပီးယား၊ အစ္စရေးနှင့်ပါလက်စတိုင်း အစရှိသည့် ရန်ဘက် များအကြား ကြားဝင်စေ့စပ်ညှိနှိုင်း ပေးမှုများရှိခဲ့ပြီး မကြာသေးမီက အထင်ရှားဆုံး ဖြစ်စဉ်တစ်ခုမှာ ၂၀၂၂ ခုနှစ်က ရုရှားနှင့် ယူကရိန်းအကြား အစ္စတန်ဘူလ် (Istanbul) သဘောတူညီချက်ရရှိအောင် ကြားဝင်စေ့စပ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဒိုဂန်သည် တူရကီကို အရှေ့နှင့် အနောက်နိုင်ငံများအကြား ပေါင်းကူးတံတား တစ်ခုအဖြစ် ကြားဝင် ချိတ်ဆက်ပေးသည့် နိုင်ငံတစ်ခုအဖြစ် ပိုမိုခိုင်မာ အားကောင်းစေရန် ကြိုးပမ်းနေပြီး တူရကီ၏ အချုပ်အခြာ အာဏာကို ပိုမိုခိုင်မာစေရန် ထူထောင်နေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ပြင် ယခုနှစ် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်က ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ညီလာခံတွင်လည်း အာဒိုဂန်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် တူရကီက ကူညီပေးမည့်အကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကို ပြောကြားခဲ့သည်။

တူရကီသည် အမေရိကန်နှင့် အနောက်နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် နေတိုးအဖွဲ့ဝင် ဖြစ်သကဲ့သို့ ရုရှားနှင့် တရုတ်တို့ ပါဝင်သည့် SCO အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်နေသဖြင့် အနာဂတ်တွင် တူရကီသည် အရှေ့နှင့် အနောက် အကြား ထိတွေ့ဆက်ဆံမှုများ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: Nikkei Asia