CNI International News

ကိုလံဘို၊ စက်တင်ဘာ ၂၄

သီရိလင်္ကာနိုင်ငံတွင် သမ္မတသစ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် လက်ဝဲယိမ်းခေါင်းဆောင် အန်နူရာ ကူမာရာ ဒစ္စနာယာကီ (Anura Kumara Dissanayake)က နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိခဲ့ပြီး စက်တင်ဘာ ၂၃ ရက်တွင် သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အခမ်းအနားမှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတရွေးကောက်ပွဲတွင် သန်းနှင့်ချီသည့် သီရိလင်္ကာ မဲဆန္ဒရှင်များသည် ကျိုးပျက်လွယ်သည့် စီးပွားရေး နာလန်ထူမှုကို မြှင့်တင်ရန်နှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် ကတိပြုထားသည့် အတိုက်အခံ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒစ္စနာယာကီကို မဲပေးခဲ့ကြသည်။

သီရိလင်္ကာနိုင်ငံ သမ္မတသစ် ဒစ္စနာယာကီကို တွေ့ရစဉ်

"ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းဖို့ အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ကျနော် ကတိပြုပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးဟာ သန့်ရှင်းဖို့ လိုအပ်ပါတယ်။ လူထုကလည်း မတူကွဲပြားတဲ့ နိုင်ငံရေး အခင်းအကျင်းကို တောင်းဆိုခဲ့ ကြပါတယ်။ အဲဒီလို အပြောင်းအလဲတွေ လုပ်ပေးဖို့ ကျနော့်ဘက်က အသင့်ရှိပါတယ်" ဟု အသက် ၅၅ နှစ်အရွယ် ဒစ္စနာယာကီက သမ္မတရုံးတွင် ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောကြားခဲ့သည်။

သမ္မတရုံး အပြင်ဘက်တွင် ၎င်းကို ထောက်ခံသူများက ၎င်း၏ဓာတ်ပုံများပါသည့် ပိုစတာများကို ကိုင်ဆောင်ထား ကြသလို အချို့ကလည်း သီရိလင်္ကာနိုင်ငံအလံကို ဝှေ့ယမ်းခဲ့ကြသည်။

ဒစ္စနာယာကီသည် ရာထူးမှ ထွက်ခွာသွားသည့် သမ္မတရာနေးလ် ဝီကရီမီဆင်းဟီ (Ranil Wickremesinghe) နေရာကို ဆက်ခံသူဖြစ်လာခဲ့ပြီး သီရိလင်္ကာ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာခဲ့သည်။

ဝီကရီမီဆင်းဟီသည် နိုင်ငံအတွင်း ပြည်ပကြွေးမြီ အကျပ်အတည်း၊ အစားအစာ၊ ဆေးဝါးနှင့် လောင်စာများ ပြတ်လပ်မှုတို့ကြောင့် ဘဏ္ဍာရေး အကျပ်အတည်းများ အမြင့်ဆုံးအချိန်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ သမ္မတသစ် ဒစ္စနာယာကီကို တွေ့ရစဉ်

အသက် ၇၅ နှစ်အရွယ် ဝီကရီမီဆင်းဟီသည် အခွန်များ တိုးမြှင့်ကောက်ခံခြင်းနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ထံမှ ချေးငွေရယူရန် လိုအပ်သည့် သတ်မှတ်ချက်များအရ ခြိုးခြံချွေတာရေး အစီအစဉ်များကို ကျင့်သုံးခဲ့သည်။

၎င်း၏ မူဝါဒများကြောင့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်သည့် ပြဿနာများ အဆုံးသတ်သွားခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း သန်းနှင့်ချီသည့် ပြည်သူများသည် စားဝတ် နေရေးအတွက် ရုန်းကန်ခဲ့ရသည်။

လက်ရှိတွင် သမ္မတသစ် ဒစ္စနာယာကီသည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းရမည်ဖြစ်ပြီး လွှတ်တော်တွင် IMF ထံမှ ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံရယူရန် ဘတ်ဂျက်ကို အတည်ပြုနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

Source: ရိုက်တာ