CNI International News

ကိုလံဘို၊ စက်တင်ဘာ ၂၀

သီရိလင်္ကာနိုင်ငံမှ ဆင်းရဲသားများက လာမည့်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိမည့် သမ္မတသစ်အပေါ် မျှော်လင့်ချက်များ ကြီးမားစွာ ထားရှိနေကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သီရိလင်္ကာတွင် စက်တင်ဘာ ၂၁ ရက်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

ထိုရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ရာနေးလ် ဝစ်ကရီမီဆင်းဟီ (Ranil Wickremesinghe) ၊ အတိုက်အခံ ခေါင်းဆောင် ဆာဂျစ် ပရီမက်ဒါဆာ ( Sajith Premadasa) နှင့် မာ့စ်ဝါဒီ အနူရာ ကူမာရာ ဒစ္စနာယာကီ (Anura Kumara Dissanayake) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၎င်းတို့ ၃ ဦးစလုံးသည် နိုင်ငံ၏ စီးပွားရေးကို ပြန်လည်ထူထောင်ရန်၊ အခွန်များကို လျှော့ချရန်နှင့် စီးပွားရေး လုပ်ငန်းများကို ထောက်ပံ့ပေးရန် မဟာဗျူဟာ အသစ်များကို ချမှတ်လုပ်ဆောင်မည်ဟု ကတိပြု ပြောကြား ထားသည်။

ထို့ကြောင့် နိုင်ငံအတွင်းရှိ ဆင်းရဲမွဲတေသူများသည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရမည့် သမ္မတသစ်က ၎င်းတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့ကြသည်။

သီရိင်္လကာက အောက်ခြေလူတန်းစားများကိုတွေ့ရစဉ်

သီရိလင်္ကာ၏ အောက်ခြေ လူတန်းစားနှင့် လူလတ်တန်းစားများသည် သာတူညီမျှရှိသည့် စီးပွားရေး နာလန်ထူ မှုကို လိုလားနေကြောင်း ကိုလံဘိုတက္ကသိုလ် (University of Colombo) မှ စီးပွားရေးပညာ သင်ကြားပြသနေ သည့် ဆရာတစ်ဦးဖြစ်သူ အူမက်ရှ် မိုရာမူဒါလီ (Umesh Moramudali) က ပြောကြားခဲ့သည်။

"ဆင်းရဲတဲ့လူတွေက တော်တော်ကို ရုန်းကန်နေရပါတယ်။ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ၊ အထူးသဖြင့် အစားအစာ စျေးနှုန်း မြင့်တက်မှုတွေက သူတို့ကို အရမ်းထိခိုက် နစ်နာစေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက သီရိလင်္ကာတွင် ငွေကြေးဖောင်းပွမှု ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်း ဂျီဒီပီ တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်း ရှိလာနိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

သီရိင်္လကာတွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံခြား ငွေကြေးနှင့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် စီးပွားရေး အကျပ်အတည်း ဖြစ်ပွားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အစိုးရက ထုတ်ပြန်သည့် အချက်အလက်အရ နိုင်ငံ့လူဦးရေ၏ ၃ ပုံ ၁ ပုံ နီးပါးဖြစ်သည့် သီရိလင်္ကာနိုင်ငံသား ၇ သန်းခန့်သည် ဆင်းရဲမွဲတေနေကြောင်း ဖော်ပြခဲ့သည်။

Source: ရိုက်တာ