CNI International News

ကိုလံဘို၊ စက်တင်ဘာ ၁၉

သီရိလင်္ကာနိုင်ငံတွင် စက်တင်ဘာ ၂၁ ရက်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲ၌ သောင်းနှင့်ချီသော စိုက်ခင်းလုပ်သားများ၏ မဲများက အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်နေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကမူ စိုက်ခင်းလုပ်သားများအတွက် မြေများ ပိုပေးမည်ဟု ကတိပြုခဲ့ကြသော်လည်း စိုက်ခင်းလုပ်သား အများစုကမူ အများကြီး မျှော်လင့်မထားကြောင်း စိုက်ခင်းလုပ်သားတစ်ဦးဖြစ်သည့် မူသူသီဗာကီတန် မာနိုဟာရီ (Muthuthevarkittan Manohari)က ပြောကြား ခဲ့သည်။

ယခင် ရွေးကောက်ပွဲများတုန်းကလည်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် စိုက်ခင်းလုပ်သားများ အတွက် အခွင့်အလမ်းများ ဖန်တီးပေးမည်ဟု ကတိပေးခဲ့ကြသော်လည်း လက်တွေ့တွင် အကောင်အထည် ဖော်ခြင်း မရှိကြောင်း မာနိုဟာရီက ပြောသည်။

တမီလ်လူမျိုးများကို တွေ့ရစဉ်

သီရိလင်္ကာ၏ စိုက်ခင်းလုပ်သားများသည် ကာလကြာရှည် လျစ်လျူရှုခံထားရသည့် အုပ်စုဖြစ်ပြီး အလွန်ဆင်းရဲ မွဲတေစွာ နေထိုင်နေရသော်လည်း စိုက်ခင်းလုပ်သားများသည် ရွေးကောက်ပွဲတွင် အနိုင်အရှုံးကို ပြောင်းလဲနိုင် သော မဲယိမ်းအင်အားစုဖြစ်သည်။

အိန္ဒိယနှင့် သဘောတူညီချက်အရ သီရိလင်္ကာ စိုက်ခင်းလုပ်သား ၄၀၀,၀၀၀ ခန့် အိန္ဒိယသို့ ပို့ဆောင်ခံခဲ့ရပြီး မိသားစုများ တကွဲတပြားဖြစ်ခဲ့ကာ စိုက်ခင်းလုပ်သားများသည် ၎င်းတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင် နေရသည်။

သီရိလင်္ကာတွင် စိုက်ခင်းလုပ်သား မိသားစုများမှ ဆင်းသက်လာသည့်  သားစဉ်မြေးဆက် ၁ ဒသမ ၅ သန်းခန့်ရှိပြီး ထိုအရေအတွက်သည် မဲဆန္ဒနယ် စုစုပေါင်း၏ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကာ လူပေါင်း ၄၇၀,၀၀၀ သည် စိုက်ခင်းများ လုပ်ကိုင်နေဆဲ ဖြစ်သည်။

တမီလ်လူမျိုးများကို တွေ့ရစဉ်

စိုက်ခင်းလုပ်သား အသိုင်းအဝိုင်းသည် အလွန်ဆင်းရဲမွဲတေပြီး၊ အာဟာရချို့တဲ့မှု၊ အမျိုးသမီးများအကြား သွေးအား နည်းသည့် ရောဂါနှင့်ရင်ဆိုင်နေရကာ ပညာရေးလည်း ချို့တဲ့လျက်ရှိသော်လည်း စိုက်ခင်းလုပ်သား အသိုင်းအဝိုင်း သည် အရေးကြီးသည့် မဲအင်အားစုတစ်ခုဖြစ်သည်။

စိုက်ခင်းလုပ်သားများသည် တမီလ် ( Tamil ) ဘာသာစကားကို ပြောဆိုကြသည်တိုင် ၎င်းတို့သည် နိုင်ငံမြောက် ပိုင်းနှင့် အရှေ့ပိုင်းတွင် နေထိုင်လျက်ရှိသည့် သီရိလင်္ကာ၏ ဌာနေတမီလ်လူမျိုးများနှင့် တန်းတူဆက်ဆံ မခံရဘဲ ခွဲခြားဆက်ဆံခဲ့ခဲ့ရသည်။

သီရိလင်္ကာတွင် အစိုးရတပ်ဖွဲ့များနှင့် တမီလ်ကျားသူပုန်များအကြား ၂၆  နှစ်ကြာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန် အတွင်း စိုက်ခင်းလုပ်သားများသည် အကြမ်းဖက်မှု၊ ဖမ်းဆီးမှုနှင့် အကျဉ်းချခံရမှုတို့နှင့် ကြုံတွေ့ခံစားခဲ့ရသည်။

Source: အေပီ